စစ်ဘက် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်း မြိတ်အခြေစိုက် လေတပ်စခန်း ဌာနချုပ်မှ လေ့ကျင့်ရေး အတွက် အသုံးပြုလေ့ရှိသည့် လေယာဉ်တစ်စီး စက်ချို့ယွင်း ဆင်းသက် ခဲ့သည်ဟု ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ်၊ လဘကျေးရွာအုပ်စု၊ ကျွဲစပ်ကျေးရွာနှင့် ဆင်ကျန်းကျေးရွာ အကြားရှိ လယ်ကွင်းထဲသို့ မြိတ်အခြေစိုက်လေတပ်စခန်း ဌာနချုပ်မှ လေ့ကျင့်ရေးအတွက် အသုံးပြုလေ့ရှိသည့် လေယာဉ်တစ်စီး စက်ချို့ ယွင်းကာ အရေးပေါ်ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံများက လေယာဉ်ပျက်ကျသည်ဟုလည်း ဆိုကြသည်။
“ဘိတ်ဘက်ကနေ လေယာဉ်တွေ အုပ်စုဖွဲ့ပြီးပျံလာတာ။ အားလုံး ၇ စီးလောက်ရှိတယ်။ ထားဝယ်ဘက်ကို လေး ငါးစီး ဆက်ပျံသွားပြီး မြိတ်ဘက်ကို ပြန်လှည့်တဲ့ လေယာဉ် ၂စီးထဲက ၁ စီး ပျက်ကျသွားတာ” ဟု အသက် ၄၀ ခန့် အရွယ် မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ပျက်ကျခဲ့သည့် လေယာဉ်ကိုယ်ထည်နှင့် နောက်မြီးတွင် 2517 ရေးသားထားပြီး PT – 6 အမျိုးအစား ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။
ပျက်ကျသည့် လေယာဉ်အတွင်း လူ ၂ ဦးလည်း ပါလာပြီး ထိခိုက်ဒဏ်ရာရသွားခြင်းမျိုးကို မတွေ့ရဘူး ဟု
၎င်းက ဆိုသည်။
လေယာဉ်ပျက်ကျပြီးနောက် အခြား လေယာဉ်နှစ်စီး ပြန်လည်ရောက်ရှိလာပြီး အနီးဝန်းကျင်တွင် လှည့်ပတ် ပျံဝဲနေခဲ့ကာ မြေပြင်တွင်လည်း ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြန်မာအစိုးရ သတင်းဌာနများက အဆိုပါ လေယာဉ်မှာ အရေးပေါ် ဆင်းသက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
ထားဝယ်ဒေသ အတွင်းသို့ ယခုကဲ့သို့ စစ်လေယာဉ် အများအပြားဖြင့် အုပ်စုဖွဲ့ ပျံသန်းလာခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး အကြိမ်ဖြစ်ပြီး တိုက်ပွဲအတွင်း အသုံးပြုရန်အတွက် ကင်းထောက်လေ့ကျင့် ပျံသန်းခြင်းမျိုး ဖြစ် နိုင်သည်ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။