ဒေးဒရဲ နိုင်ငံရေး သမား အချို့ကို ထောင်ဒဏ်များ ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရထားရသည့် ဒေးဒရဲမြို့ခံ လူငယ် နိုင်ငံရေး အကျဉ်း သား အမျိုးသမီးတစ်ဦး အပါအဝင် ၄ ဦးကို ထောင်ဒဏ်များ ချမှတ်ပြီး ပုသိမ်အကျဉ်းထောင်ကို ပို့လိုက်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ တရားရုံးက ဧရာဝတီတိုင်း ဒေးဒရဲမြို့ အမှတ် ၂ ရပ်ကွက်မှ အသက် ၄၀ အရွယ်ခန့်ရှိသည့် ဦးပီတာ ဆိုသူကို ထောင်ဒဏ် ၂၀ နှစ်၊ ဦးပီတာ၏ အိမ်တွင် ကွန်ပျူတာ သင်တန်းတက်နေသည့် လူငယ် အမျိုးသား ၁ဦး နှင့် အမျိုးသမီး ၁ဦး၊ အမှတ် ၁ ရပ်ကွက်မှ စကားဝါလမ်းမှ ကိုထက်ထက် တို့ကို ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချ ပြီးနောက် ယခုကဲ့သို့ ပို့လိုက်ခြင်းဖြစ်သည်။
အကျဉ်းဦးစီးဌာန နှင့် နီးစပ်သူ တစ်ဦး က “၃ ယောက်က လူငယ်တွေပါ။ တစ်ယောက်က လူလတ်ပိုင်း ၄ ယောက်စလုံး အကြမ်းဖက် ပုဒ်မတွေနဲ့ ထောင် ကျတာ။ နှစ်ကြီးသမားတွေ ဆိုတော့ ပုသိမ်ထောင်ကိုပို့ လိုက် တာ။ မိန်းခလေး တစ်ယောက်လည်း ပါတယ်” ဟု ပြောသည်။
ဒီဇင်ဘာ ၅ ရက်နေ့ က ၎င်းတို့ ၄ ဦးကို အမိန့်ချပြီးနောက် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပုသိမ်အကျဉ်းထောင် ကို ပို့လိုက်ခြင်း ဖြစ်သည်။
ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံရသည့် ဒေးဒရဲမြို့ခံ ဦးပီတာနှင့် အဆိုပါ လူငယ် ၃ ဦးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့က ဒေးဒရဲမြို့ အဝင် ဆိုင်းဘုတ် အနီးနှင့် သမဝါယမရုံးရှေ့တွင် ဗုံး ၂လုံးဆင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေးဒရဲ ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။
တရားလွှတ်တော် ရှေ့နေတစ်ဦး က “ဖမ်းတော့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မသင်္ကာလို့ ဆိုပြီး ဖမ်းတာ။ စွဲချက် တင်တော့ CDM ထောက်ပံ့တယ်။ PDF တွေနဲ့ အဆက်အသွယ် လုပ်တယ်ဆိုပြီး ထောင်နှစ်ရှည်ချလိုက်တာ” ဟု ပြောသည်။
၎င်းတို့ ၄ ဦးကို ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မသင်္ကာ၍ ဖမ်းဆီးခဲ့သော်လည်း ဖေါက်ခွဲရေးနှင့် ပတ်သက်သည့် သက်သေ ခံပစ္စည်း ဘာတစ်ခုမှ သိမ်းဆည်း ရမိခြင်း မရှိသည့်အပြင် ရုံးတော်တွင်လည်း ခိုင်လုံသည့် သက်သေ အထောက်အထားကို တရားစွဲသော စစ်ကောင်စီက မတင်ပြနိုင်ခဲ့ဘူးဟု ရှေ့နေက ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့ နှင့် ၄ ရက်နေ့တို့တွင် သက်သေ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ သံသယဖြင့် ဒေသခံ ၃၅ ဦးကို ဖမ်းဆီးခဲ့ပြီး ပိုက်ဆံပေးသူများကို ပြန် လွှတ်ပေးခဲ့ကာ ၎င်းတို့ ၄ ဦး က ပိုက်ဆံမပေးနိုင်၍ ထောင်ချလိုက်ခြင်းဖြစ်သည်ဟု မြို့ခံအများစု က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဒေးဒရဲမြို့နယ်အတွင်း ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၂၀၀ နီးပါး ရှိသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်း ခွင့်ဖြင့် ပြန်လွတ်လာသည့် ဒေးဒရဲမြို့ခံ နိုင်ငံရေး အကျဉ်းသား ဖျာပုံထောင်က တစ်ဦး နှင့် မြောင်းမြထောင် က တစ်ဦးသာ ရှိသည်ဟု ဒေသခံ နိုင်ငံရေး အသိုင်းအဝိုင်းက ဆိုသည်။