ကျေးရွာတဝိုက် တိုက်ပွဲ မဖော်ရန် မုံးကိုးဒေသခံများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။

တိုက်ပွဲဖြစ်ပွားပါက လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျရောက်လာသည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖော်ဆောင်ခြင်းများ မပြုလုပ်ရန် မုံးကိုးဒေသခံ များက တောင်းဆိုလိုက်သည်။

မုံးကိုးဒေသခံ ဝိန်းဆိုင်ရွာသားတစ်ဦးက “ကျနော်တို့ နည်းနည်း ပြောချင်တာနဲ့ မေတ္တာရပ်ခံချင်တာကတော့ ကျနော်တို့ ဖြစ်လာလို့ရှိရင် ရွာဘေးနား အခုတော့ ရွာနဲ့သိပ်မဝေးတဲ့ နေရာတွေပဲ ဖြစ်ဖြစ်လာတော့ ဒီလက်နက် ကြီး တခြားဟာတွေတော့ ကျနော်တို့ ဒေသခံတွေအတွက်ရော ရွာအတွက်ရော ကျနော်တို့ ပြည်သူလူထု အရမ်း တော့ စိုးရိမ်စရာ ရှိတာပေါ့။ အဲဒါကြောင့် ကျနော်တို့ ဖြစ်နိုင်လို့ရှိရင်ကျတော့ ကျနော်တို့ ဒီအဖွဲ့အားလုံးပေါ့နော ရွာဘေးနားတွေမှာ ကျနော်တို့ ရှောင်နိုင်သလောက် ရှောင်ပေးစေချင်တယ်ပေါ့ အဲဒါတော့ မေတ္တာရပ်ခံ ချင်ပါ တယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ကိုးကန့်တပ်မတော် MNDAA နှင့် အာဏာသိမ်း စစ်တပ်တို့အကြား ရှမ်း ပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် မန့်ကန်ကျေးရွာအုပ်စု ဟိုပန်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း ဟိုပန်ကျေးရွာ အနီးအနားက ဝိန်းဆိုင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျ ရောက်လာသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် လက်နက်ကြီးကျည် ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ အဆိုပါ ဝိန်းဆိုင် ရွာသားက ယခုကဲ့သို့ ဆက်ပြောသည်။

“မနေ့က ခဏလေးဖြစ်တာပါ။ မနေ့က ၁၂ နာရီခွဲ ၁ နာရီနီးပါးလောက်ကနေ စဖြစ်တာ။ တစ်နာရီ နီးပါး လောက်ပဲ ထင်တယ်။ နှစ်နာရီနီးပါးလောက်ဆိုတော့ သေနတ်သံတော့ မကြားတော့ဘူး။ ကျနော်တို့ ဒီ ဟိုပန် ကျေးရွာဆိုတဲ့ သူတို့ရဲ့ အရင်တုန်းက ရွာဟောင်း နဲနဲအထက်မှာပေါ့။ လက်နက် ကြီးတော့ ရွာထဲမှာတော့ ကျ တော့ကျတယ်။ အိမ်တွေတော့ မထိဘူး။ လူတွေရော ဘာမှတော့ မဖြစ်ပါဘူး” ဟု ပြောသည်။

လက်ရှိ အချိန်တွင် တိုက်ပွဲငြိမ်သက်သွားပြီ ဖြစ်သော်လည်း အာဏာသိမ်းစစ်တပ်ဖက်မှ ပြန်ဆုတ်သွားခြင်း မရှိပဲ ကျေးရွာ အနီးအနားတွင် ရှိနေသေးသည်ဟု ဆိုသည်။

“ဒီနေ့ အခြေအနေတော့ စစ်တပ်ဖက်ကလည်း ရှိသေးတယ်။ တခြားအဖွဲ့တွေတော့ ဘယ်ရောက်သွားပြီလဲ ကျ နော်တို့လည်း သတင်းအတိအကျတော့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ ဒီတပ်မတော် အဖွဲ့ကတော့ ရှိသေး တယ်။ မနေ့ကဖြစ်တဲ့ ဒီရဲ့ အောက်နည်းနည်း အောက်ပိုင်းဖက်မှာပေါ့။ ဆမာကျေးရွာဆိုတဲ့ အဲဒီ ရွာထိပ်နား သူ တို့ နေနေကြတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် နည်းတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့ က နေ ၁၃ ရက်နေ့အထိ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာတွင် စစ်တပ်နဲ့ တအန်းအမျိုးသား လွတ်မြောက်ရေး တပ် မတော် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သလို လေယာဉ်နှင့်ပါ ဗုံး ကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူနေအိမ်များလည်း ထိမှန်ပျက် စီးခဲ့ သည်။

ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အပြင် လူနေအိမ်များပါ ထိမှန်ပျက်စီးခဲ့သည့်အတွက် လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် ကျေးရွာအတွင်းနှင့် အနီးအနားဝန်းကျင်များတွင် တိုက်ပွဲဖော်ဆောင်မှုများ မလုပ် ဆောင်ကြရန် ဒေသခံများက တောင်းဆိုထားကြသည်။