ရေး ပြောက်ကျား ပူးပေါင်းအဖွဲ့ စစ်ကောင်စီ စခန်းငယ်ဝင်တိုက်၊ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။

ရေးမြို့နယ် အတွင်း စစ်ကောင်စီ စခန်းငယ်တစ်ခုကို ဒေသခံ ပြောက်ကျား, ပူးပေါင်း အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ပြန်ပစ်သော လက်နက်ကြီး ကျည်ကြောင့် အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံပြောက်ကျားများက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီစခန်းငယ်တစ်ခုကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြောက်ပိုင်း) YPDF နှင့် ရေးပြောက်ကျားအဖွဲ့ YGF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်။

ရေးမြို့နယ်မြောက်ပိုင်း၊ ဒုံဖီကျေးရွာအုပ်စု၊ ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီစခန်းငယ်တစ်ခုကို ရေး PDF ပူးပေါင်းအဖွဲ့တို့က ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် ရေးမြို့နယ် မော့ကနင်းရွာအခြေစိုက် ခလရ ၅၈၈ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပြန် လည် ပစ်ကူခဲ့သောကြောင့် PDF ပူးပေါင်းအဖွဲ့တို့က ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ရေးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (မြောက်ပိုင်း) YPDF ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ခလရ ၅၈၈ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကြိုးတံတားကျေးရွာရှိ ဘုန်း ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများ က ပြောသည်။

ဒေသခံတစ်ဦးက “ကြိုးတံတားဘုန်းကြီးကျောင်းဝင်းမှာ လက်နက်ကြီးကျလို့ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်၊ သေဆုံးအမျိုးသမီးအလောင်းကိုတော့ လမိုင်းသုဿာန်မှာ မီးသင်္ဂြိုဟ် လိုက်တယ်” ဟု ပြောသည်။

လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသည့် အမျိုးသမီး ရုပ်အလောင်းကို လူမှုကူညီရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် အခင်းဖြစ်သည့်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီတပ်၏ စခန်းငယ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်သည်ဟု ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပေ။

အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ရေး-သံဖြူဇရပ် လမ်းပိုင်းတလျှောက်တွင် တောင်ညို ပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီတပ်၏ ယာဉ်တန်းများကို တစ်ရက်အတွင်း ၄ ကြိမ် ချုံခို တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သားအများအပြား သေဆုံးသွားကြောင်း တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။