စစ်ကောင်စီ၏ နှစ်ဆင့်ကွဲ အမြှောက်ကြောင့် အရပ်သား တစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။

ရှမ်း – ကယားနယ်စပ်တွင် စစ်ကောင်စီ၏ ၂ ဆင့်ကွဲ အမြှောက် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရှမ်း- ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီးရှိ ကောင်းဆောင်ကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက် ကြီးကျည်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

စစ်ကောင်စီ၏ ဖယ်ခုံမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ- ၃၃၆) နှင့် အမှတ် ၇ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ကြားရှိ အမြှောက်တပ်မှ ဇန္နဝါရီလ ၁၆ ရက်နေ့၊ ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင် အချိန်ခန့်တွင် ကောင်းဆောင် ကျေးရွာရှိ စစ်ရှောင်စခန်းတစ်ခုထဲသို့ ရည်ရွယ်ချက်ရှိရှိ ၂ ဆင့်ကွဲ အမြှောက်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး‌ ပွဲချင်းပြီး သေဆုံးသွားသည်ဟု မိုးဗြဲ PDF တာဝန်ရှိသူများက ပြောသည်။

မိုးဗြဲ PDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “ညာဘက်လက် ပြတ်ထွက်သွားတယ်။ ခြေထောက် ဘယ်လား၊ ညာလား၊ မသိဘူး ခြေဖဝါး ပြတ်ထွက်သွားတယ်။ အတွင်းထဲက ဗိုက်သားတွေ ပြတ်ထွက်သွားတယ်။ တစ် ကိုယ်လုံး ရုပ်ပျက်ဆင်းပျက်ပုံစံ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

လက်နက်ကြီး ထိမှန်သေဆုံးသွားသူမှာ ဖယ်ခုံမြို့နယ်၊ ဒုန်းဒူထန်ရွာနေ အသက် ၃၃ နှစ်အရွယ် ဒေါ်မူလင်းဖြစ်ပြီး ကောင်းဆောင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်နေစဉ် သေဆုံးသွားခြင်း ဖြစ်သည်။

ဒေါ်မူလင်း သေဆုံးမှုအပြင် ဆိုင်ကယ် ၁ စီးနှင့်အတူ စစ်ဘေးရှောင်များ နေထိုင်သည့် တဲ ၁ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ပြီးနောက် စစ်ဘေးရှောင် ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦးအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည် စစ်ရှောင်များက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန္နဝါရီလ ၈ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့် အချိန်တွင်လည်း စစ်ကောင်စီ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ ပွဲကုန်း ၁ ရပ်ကွက်တွင်နေထိုင်သော အသက် ၆၆ နှစ်အရွယ် ဦးလျိုပန်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏နေအိမ်လည်း မီးလောင်ပြာကျ ပျက်စီးခဲ့သည်။

ဇန္နဝါရီလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အရပ်သား အရေအတွက်မှာ ပိုများလာရာ မိုးဗြဲ PDF အနေဖြင့်လည်း “ဆေးအပိုင်းတော့ လုံလောက်မှု မရှိဘူးပေါ့။ ကျနော် တို့က ကိုယ်တတ်နိုင်တဲ့ဟာ အရေးပေါ်ပဲကုပေးနိုင်တယ်ပေါ့။ စိုးရိမ်ရသူတွေကိုတော့ ဆေးရုံဆေးခန်းမှာပဲ ကု ပေးတယ်ပေါ့။ ဆေးရုံသွားတော့လည်း လုံခြုံမှုက သိပ်မရှိဘူးပေါ့။ သတိနဲ့ သွားရတာပေါ့” ဟု တာဝန်ရှိသူက ပြောသည်။

အဆိုပါ လက်နက်ကြီးကျရောက်သည့် ကောင်းဆောင်ကျေးရွာရှိ အဆိုပါ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၀ ဝန်းကျင်ခန့်ရှိပြီး လတ်တလောတွင် ၎င်းတို့အား ဘေးလွတ်နိုင်သည့် အခြားသောစခန်းများသို့ မိုးဗြဲ PDF အဖွဲ့မှ ခေတ္တ ပြောင်းရွှေ့နေထိုင် ခိုင်းထားရသည်ဟု ဆိုသည်။

ဇန္နဝါရီလဒုတိယပတ်အထိ မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ မကြာခဏ ကျရောက်ပေါက်ကွဲပြီး ပြည်သူများလည်း စားဝတ်နေရေးပိုင်း ပိုမို ခက်ခဲလျက်ရှိသည်ဟု ဒေသခံများနှင့် စစ်ရှောင်များက ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် မိုးဗြ PDF အဖွဲ့ အနေဖြင့် ကားလမ်းပိတ်ခြင်းများ မပြုလုပ်ထားဘဲ လုံခြုံ ရေးသတိဖြင့် သွားလာကြရန်သာ ပြည်သူများကို မေတ္တာရပ်ခံထားသည်ဟု တာဝန်ရှိသူများက ပြောသည်။