စစ်ကောင်စီ တပ်သား တစ်ဦး KNDF ထံ CDM ဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။

ဒီးမော့ဆိုတွင် စစ်ကောင်စီ တပ်သားတစ်ဦး KNDF ထံသို့ CDM ပြုလုပ်လာသည်ဟု KNDF ဗဟိုပြန်ကြားရေးက တာဝန်ရှိသူများက ပြောသည်။

ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) ထံသို့ တပ်မ ၆၆ လက် အောက်ခံ ခြေလျင်တပ်ရင်း (ခလရ – ၁၀၂) မှ စစ်ကောင်စီ တပ်သားတစ်ဦး CDM ပြုလုပ်ခဲ့သည်ဟု KNDF ဗဟို ပြန်ကြားရေး တာဝန်ရှိသူများက ပြောသည်။

KNDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ဘက်ကတော့ သူတို့ကို စစ်သားရဲ့ သဘောထားအတိုင်း ပေါ့။ ပြည်သူနဲ့ ပူးပေါင်းပြီးတော့ (စစ်ကောင်စီကို) ပြန်လည် တိုက်ခိုက်ချင်တာ ရှိရင်လည်း ခွင့်ပြုပါတယ်။ CDM ဌာနမှာ သူတို့ တပ်သားတွေရဲ့ သဘောထားအတိုင်းလည်း နေထိုင်ခွင့်ပြုပါတယ်။ ဖုန်းတွေဘာတွေလည်း အကန့် အသတ်နဲ့ သုံးခွင့်ပြုတာတွေတော့ ရှိပါတယ်” ဟု ပြောသည်။

(ခလရ – ၁၀၂) မှ စစ်ကောင်စီ တပ်သားသည် ဇန်န္နဝါရီလ ၁၇ ရက်နေ့၊ ညနေပိုင်း ကတည်းက တပ်တွင်းမှ ထွက် ပြေးလာခြင်းဖြစ်ပြီး ယမန်နေ့ ဇန္နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် KNDF တပ်ရင်း ၁၀ ထံသို့ CDM ပြုလုပ်လာ ခဲ့ခြင်း ဖြစ်သည်ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူများက ပြောသည်။

CDM ပြုလုပ်သည့် စစ်ကောင်စီ တပ်သားမှာ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခလရ- ၁၀၂ မှ အသက် ၂၃ နှစ်အရွယ် ကိုစိုးဝင်း ဖြစ်ပြီး MA-1 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၂၆၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး နှင့်အတူ CDM ပြုလုပ်လာခြင်း ဖြစ်သည်။ ၎င်းသည် တောင်ငူ သပခ/၉၁၁ မှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင် ၆ လကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။

ထိုကာလအတွင်း ၎င်းသည် ဖောက်ခွဲရေးပိုင်းကို အဓိက တာဝန်ယူထားရပြီး မိသားစုနှင့် ဆက်သွယ်ခွင့် မပေး ခြင်း၊ နေ စား အိပ်ချိန် ပုံမှန်မရှိခြင်း၊ လစာပုံမှန်မရခြင်း စသည့် အကြောင်းအရာများကြောင့် CDM ပြုလုပ် လာခြင်းဖြစ်သည်ဟု KNDF တာဝန်ရှိသူများက ပြောသည်။

လက်နက်နှင့်တကွ CDM ပြုလာသည့် စစ်ကောင်စီ တပ်သား ကိုစိုးဝင်းအား KNDF တပ်ရင်း ၁၀ တပ်မမှူးမှ ငွေ ကျပ် သိန်း ၃၀ ဂုဏ်ပြုငွေချီးမြင့်ခဲ့ပြီး ထပ်မံ CDM ဝင်လာမည့် တပ်သားများအား နွေးထွေးစွာကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ KNDF ပြန်ကြးရေးတာဝန်ရှိသူအား စစ်သုံ့ပန်း အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း “သုံ့ပန်းတွေကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတာပဲ ရှိတယ်။ နှိပ်စက်ညှင်းပန်းတာတွေ မရှိဘူး။ လူ့ အခွင့်ရေးနဲ့အညီ ဖမ်းဆီး ထိန်းသိမ်းထားတာပဲ ရှိတယ်။ စစ်သုံ့ပန်း ဖြစ်တဲ့အတွက် ကျနော်တို့က အချုပ်နဲ့တော့ ထိန်းသိမ်းထားပါတယ်” ဟု ပြောသည်။

ထိုသို့ အလင်းဝင် CDM ပြုလုပ်လာသည့် စစ်ကောင်စီ တပ်သားများအား မည်မျှဆုချီးမြှင့်သည်ကို အတိအကျ သတ်မှတ်ထားခြင်း မရှိဘဲ CDM ပြုလုပ်လာသည့် တပ်သား အခြေအနေနှင့် လက်နက်ပါ/မပါ ကြည့်၍ အလျဉ်း သင့်သလို ဆုချီးမြှင့်သည်ဟု KNDF တာဝန်ရှိသူများက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးသည့် အချိန်မှစတင်ပြီး ကရင်နီပြည်တွင် KNDF နှင့် အခြားတော်လှန်ရေး တပ်ဖွဲ့များထံသို့ CDM ပြုလုပ်လာသည့် စစ်ကောင်စီ တပ်သား အရေအတွက်မှာ ၃၀ ဦး ထက်မနည်းရှိပြီဟု ဆိုသည်။

ဓါတ်ပုံ – ကန္တာဝတီတိုင်းမ်