တရုတ်မှ မြန်မာဘက်သို့ စတင်ပြန်လာသူများတွင် COVID-19 တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်မြို့တို့ဘက်မှ မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်မြို့သို့ ပြန်လာသည့် ပြည်တော်ပြန် မြန်မာ (၁၀၀) ကျော်ထဲတွင် COVID-19 ပိုးတွေ့သူ ၃ ဦး ပါဝင်သည်ဟု နယ်စပ်နေပြည်သူများနှင့် ကူညီဆောင် ရွက်ပေးနေသူများ က ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ် (အလယ်ပေါက်) မှ မြန်မာဘက် ခြမ်းသို့ ပြန်လာသူ ပြည်တော်ပြန် ၁၂၅ ဦး မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လာရာမှ ၃ ဦးတွင် COVID-19 ရောဂါပိုး တွေ့ခဲ့ခြင်း ဖြစ်သည်။

မူဆယ်မြို့ရှိ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက် တာဝန်ခံ ကိုဌေးက “မနေ့ (ဇန္န ဝါရီလ ၁၈ ရက်နေ့) မနက် ၈ နာရီချိန်မှာ တရုတ်ပြည်ကနေ ပြည်တော်ပြန်တွေက နန်းတော်ပေါက်ကနေ တဆင့် ဒီဘက်ကို ဝင်လာပါတယ်။ ဒီဘက်ဝင်လာတော့ လူတိုင်းကို နန်းတော်ပေါက်မှာပဲ ကိုဗစ် စစ်ဆေးပေး တာ။ ဒီတစ်ရာကျော်ထဲမှာ သုံးဦးက positive ထွက်နေတယ်” ဟု ပြောသည်။

မူဆယ်မြို့ရှိ နန်းတော်ဂိတ် (အလယ်ပေါက်)မှာ ပြည်တော်ပြန် (၁၂၅)ဦးအနက် အမျိုးသမီး ၃ ဦးတွင် COVID-19 ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမျိုးသမီး ၃ ဦးကို မူဆယ် ၁၀၅ မိုင်ရှိ COVOD-19 ကုသရေးစင်တာတွင် ပို့ဆောင်းပေးထားပြီး စနစ်ကျ ကုသမှုပေးထားသည်ဟု ကိုဌေးက ဆက်ပြောသည်။

ယခုကဲ့သို့ နယ်စပ်ဂိတ်မှ ပြန်ဝင်လာသူများထဲတွင် COVID-19 ကူးစက်ရောဂါ ကူးစက်သူများပါဝင်နေသည့် အပေါ်လည်း ဒေသခံများက စိုးရိမ်မှုများ ရှိနေကြသည်။

မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက “ပြည်သူတွေက အရမ်းစိုးရိမ်နေကြတယ်။ ဟိုဘက်မှာလည်း ကိုဗစ်တွေ တအားဖြစ်ပြီး အသေအပျောက်လည်း ရှိတယ်ဆိုတော့ ဒီဘက်ကူးစက်လာမှာ ကြောက်တယ်” ဟု ပြောသည်။

နန်းတော်ဂိတ် (အလယ်ပေါက်)ဂိတ် အပါအဝင် လူအဝင်/အထွက် ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်တို့ကို ဇန္နဝါရီလ ၈ ရက်နေ့မှာစတင်၍ တရုတ်ဘက်ခြမ်းက စတင်ဖွင့်လှစ်ခဲ့ပေမယ့် မြန်မာဘက်ခြမ်းတော့ မဖွင့်သေးပါဘူး။ သို့သော် ပြန်တော်ပြန်များကို နန်းတော်ဂိတ်ပေါက်မှ လက်ခံပေးနေခြင်း ဖြစ်သည်ဟု မူဆယ်ဒေသခံများက ပြောသည်။

ကိုဌေးက “နန်းတော်ပေါက်က ပြည်တော်ပြန်တွေ အတွက်တော့ ဖွင့်ထားတယ်။ ကျနော်တို့ဘက်ကပဲ ဝင်လို့မရ တာ။ မူဆယ်ကနေ တရုတ်ပြည်ဘက် ဝင်လို့မရသေးဘူး။ တရုတ်ပြည်ဘက်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားတဲ့ မြန်မာနိုင်ငံသား ပြည်တော်ပြန်တွေအတွက်ပဲ ဖွင့်ပေးထားတယ်” ဟု ပြောသည်။

အလားတူ ကုန်ပစ္စည်းများ အဓိက အဝင်အထွက်သွားလာရသည့် မူဆယ်မြို့က မန့်ဝိန်းဂိတ်ကိုမူ မြန်မာဘက် ခြမ်းက ဇန္နဝါလ ၁၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၆ ဘီးကားများကို သွားလာခွင့်ပြုထားသည်ဟု ဒေသခံ များက ပြောသည်။

မန့်ဝန်းဂိတ်တွင် ကုန်တင်ကားများ အဝင်အထွက် သွားလာလို့ရနေပြီ ဖြစ်ပေမယ့် ဇန္နဝါရီလ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံဘက်ခြမ်းမှ တရုတ်နိုင်ငံဘက်သို့ ဝင်သည့် ကားများ မရှိသေးဘဲ၊ ဇန္နဝါရီလ ၁၇ ရက်နေ့တွင် ကျယ် ဂေါင်ဘက်မှ ၆ ဘီး ကုန်တင်ယာဉ် နှစ်စီး မူဆယ်ဘက်သို့ ဝင်ရောက်လာသည်ဟု မူဆယ်မြို့ခံများက ပြောသည်။

မူဆယ်ခရိုင်အတွင်းရှိ တရုတ် – မြန်မာနယ်စပ်ဂိတ် ၃ ဂိတ်ဖြစ်သည့် မန့်ဝန်း၊ နန်းတော်နှင့် ဆင်ဖြူဂိတ်တို့ကို ပြီး ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက တရုတ်ဘက်ခြမ်းက COVID-19 အကြောင်းပြကာ အကန့်အသတ်မရှိ ပိတ်လိုက်ရာမှာ ယခုနှစ် ဇန္နဝါရီလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံဘက်ခြမ်းက ဖွင့်ပေးလိုက်ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံဘက်ခြမ်းကတော့ ဇန္နဝါရီလ ၁၄ ရက်နေ့တွင် မန့်ဝိန်းဂိတ်ကို ပြန်ဖွင့် ပေးလိုက်ခြင်း ဖြစ်သည်။