ရွာရှိ အိမ်အချို့ကို မီးရှို့ပြီး ရွာသား ၁၅ ဦးခန့်ကို ဖမ်းဆီးသွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် မြိတ်ခရိုင် ရှပ်ပုံကျေးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက် ရွာ သား ၁၅ ဦးခန့်ကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလာမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ စံပြရပ်ကွက်နှင့် အောင်မင်္ဂလာလမ်းတို့ရှိ နေအိမ် ၃ ဆောင်ကို ဇန္နဝါရီ လ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “သတင်းပေးတွေ လက်ညှိုးထိုးပြီး လိုက်ပြတဲ့ အိမ်တွေကို ရွေးပြီး တမင်သက်သက် မီးရှို့လိုက်တာပါ။ ဒီနေ့မနက်ပိုင်းအထိ ဖမ်းထားတဲ့သူတွေကို ပြန်မလွှတ်မပေးသေးဘူး ကြွက် မနိုင် ကျည်ကိုမီးနဲ့ ရှို့တဲ့ပုံစံလုပ်နေကြတာ” ဟု ပြောသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဘက်မှ သေနတ်များဖြင့် တဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း များ ပြုလုပ်ခဲ့ပြီးနောက် ထိုနေ့ နေ့လည်ပိုင်းတွင် ရွာသား ၁၅ ဦးခန့်ကို PDF များနှင့် ဆက်စပ်မှုရှိနေသည်ဟု စွပ်စွဲ ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ် အများအပြားကိုလည်း ဖောက် ထွင်းကား တန်ဖိုးကြီး ပစ္စည်းများကိုပါ ယူဆောင်ခဲ့ကြသေးသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ဇန္နဝါရီလ ၁၆ ရက်နေ့တုန်းကလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် က ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် ယခုကဲ့သို့ ကျေးရွာအတွင်း ရွာသားများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ဇန္နဝါရီလ ၁၆ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်ရက်များတွင် ပုလောချောင်းဝ၌ ရေတပ်သင်္ဘော နှစ်စီးဖြင့် ပိတ်ဆို့ထားပြီး ထွက်ပြေးတိမ်းရှောင်ကြသည့် လှေများနှင့် ငါးဖမ်းလှေများကို ထွက်သွားခွင့် မပြုပဲ ပိတ်ထားသည်ဟု ဆိုသည်။

တိုက်ပွဲများကြောင့် ရွာသား အချို့က အချိန်မှီ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့ကြသော်လည်း အချို့မှာ ကျေးရွာ အတွင်း ပိတ်မိနေကြစဲဖြစ်ပြီး ယမန်နေ့က နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရသည့် မိသားစုဝင်များမှာလည်း စားဝတ်နေရေးအတွက် အခက်အခဲများရှိနေကြသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ကျေးရွာ ပြင်ပ အနီးတဝိုက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ရှိနေပြီး ကျေးရွာအတွင်း၌လည်း စစ်ကောင်စီ တပ်ဖွဲ့များ ရှိနေခြင်းကြောင့် တိုက်ပွဲများ မဖြစ်သေးသော်လည်း နှစ်ဘက် စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် တိုက်ပွဲများ ထပ်ဖြစ်လာမည်ကို ရွာသားများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း ပုလောမြို့နယ်ရှိ တပို၊ တန်းရှင်း၊ သင်္ကန်းတောကျေးရွာများမှ နေ အိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၆၀ ကျော် မီးလောင် ပျက် စီးသွားခဲ့သည်ဟု ဒေသခံ KPDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။