MOU စနစ် ရပ်ဆိုင်းထားခြင်းကြောင့် အလုပ်သွားလုပ်မည့်သူများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

MOU စနစ် ရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်သူများ အခက်တွေ့နေသည်ဟု ပြောသည်။

စစ်ကောင်စီက ပြည်ပသို့ အလုပ်အကိုင်ဖြင့် သွားရောက်မည့် သူများအား ချွင်းချက်အနေဖြင့် ခွင့်ပြုထားသည့် တရားဝင် အလုပ်သမားနှင့် အလုပ်ရှင် သဘောတူညီချက်စာချုပ် (MOU) စနစ်ကို ရပ်ဆိုင်းလိုက်သည့်အတွက် အခက်တွေ့နေကြခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်အတွင်းက ပြည်ပသို့ ထွက်ခွာရန် ပြင်ဆင်နေသူများက ပြောသည်။

တောင်ကြီးမြို့မှ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးက “ဟိုဘက် က သူဌေးက ခေါ်နေပြီ။ ဒီမှာက MOU ရပ်ထားတယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ အောက်လမ်းက သွားရင်လည်း ခဏခဏ အဖမ်းခံနေရတော့ ကြောက်တယ်။ ဖမ်းမိသွားရင် ပိုက်ဆံပိုကုန်မှာ။ အခုတောင်မှ ချေးငှားပြီး သွားရမှာလေ” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနနှင့် ပြည်ထဲ‌ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ချွင်းချက် အနေဖြင့် Green Channel သီးသန့် ဖွင့်လှစ်ပေးထားသည့် MOU စနစ်အား ဇန္နဝါရီလ ၁၇ ရက်နေ့တွင် အကန့် အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်သောကြောင့် တောင်ကြီးမြို့နယ်မှ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် သူများမှာ အခက်တွေ့နေသည်ဟု ပြောသည်။

စစ်ကောင်စီက တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား ၁ အား ပိတ်ထားသည့်အပြင် ယခု MOU စနစ်အား ရပ်ဆိုင်းလိုက်သောကြောင့် ပြည်ပ ထွက်ခွါကြမည့်သူများမှာ တရားမဝင် မှောင်ခိုလမ်းကြောင်းကသာ သွား ရောက်ရမည့် အနေအထားမျိုး ဖြစ်နေသည်ဟု ပြောသည်။

အေးသာယာမြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွါမည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက “ကျနော်ကတော့ အောက်လမ်းကပဲ သွားမှာ။ MOU တိုင်းလည်း မယုံရဘူး။ သူတို့က ဝန်ထမ်း အရေးပေါ်လို နေ တာ။ ဒီမှာက ပတ်စ်ပိုစ့်လုပ်တာ ၄၅ ရက်လောက် ကြာတယ်ဆိုတော့ ဟိုရောက်တာနဲ့ သေချာတယ် တခြားလူပဲ ခေါ်လိုက်ပြီ။ အောက်လမ်းကသွားရင် ဟိုရောက်တာနဲ့ ပန်းရောင်ကတ် ရပြီလေ။ ဖမ်းမိရင်တော့ မတတ်နိုင်ဘူး ပေါ့။ ဒီနိုင်ငံမှာ ဆက်နေရင်လည်း ငတ်ဖို့ပဲ ရှိတယ်” ဟု ပြောသည်။

တရားမဝင် မှောင်ခိုလမ်းဖြင့် သွားမည့်သူများမှာ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ရှိရုံမျှဖြင့် ဘတ် ၈၀၀၀ မှ ၁၂,၀၀၀ ခန့်သာ ကုန်ကျသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းအစိုးရက ထုတ်ပေး သည့် အလုပ်လုပ်ခွင့်လက်မှတ် အပန်းရောင်ကတ်များ အလွယ်တကူ ပြုလုပ်၍ ရနိုင်သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ရန်ကုန်တိုင်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ပွဲစားများက မတန်တဆဈေးဖြင့် အမြတ်တင်ကာ လုပ် ပေးနေသည်ဟု ဆိုကာ QR ကုတ်ဖြင့် ကြိုတင် တိုကင်ယူသည့် စနစ်အား ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ ပြီးနောက် ကျန်တိုင်းနှင့် ပြည်နယ်ရှိ ရုံးများကိုလည်း ပိတ်သိမ်းထားခြင်း ဖြစ်သည်။

သို့သော် ချွင်းချက်အနေဖြင့် MOU စနစ်အား ခွင့်ပြုခဲ့သော်လည်း ယခု ထပ်မံ ပိတ်သိမ်းလိုက်သောကြောင့် ပြည် ပသို့ထွက်ခွါရန် ပြင်ဆင်နေသူများမှာ အခက်တွေ့နေကြသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ သွားကြမည့်သူများနှင့် ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှား၊ စင်္ကာပူနိုင်ငံများသို့ သွားရောက် ကြာမည့်သူများမှာ တရားမဝင် မှောင်ခိုလမ်းများဖြစ်သည့် မွန်ပြည်နယ် နယ်စပ် ကန်ကျနပူရီခရိုင်၊ ကရင်ပြည် နယ် နယ်စပ် တာခ့်ခရိုင်၊ တနင်္သာရီနယ်စပ် ပရကျူပ် ခီရီခန်၊ ရှမ်းပြည်နယ် နယ်စပ် မယ်ဟောင်ဆောင်၊ မယ်ဆိုင် စသည့် လမ်းများဖြင့် သွားရောက်ရမည်ဟု ၎င်းတို့က ပြောသည်။

အဆိုပါ လမ်းကြောင်းများတွင် ထိုင်းနိုင်ငံရဲများမှ မကြာခဏ ဖမ်းဆီးမှုများ ကြုံနေရပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်း ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားပေါင်း ၄၆,၄၀၀ ဦးရေ ရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူများက ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်လမ်း ရှားပါးလာသည် ဖြစ်ရာ ပြည် ပသို့ သွားရောက် လုပ်ကိုင်ရန် ပြင်ဆင်နေသူများမှာ နေ့စဉ်နှင့်အမျှ တိုးလာနေပြီး ယခုလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း၌ ပြည်ပသို့ထွက်ခွာရန် ပြင်ဆင်နေသူပေါင်း ၅,၀၀၀ ဝန်းကျင်ခန့်ရှိနိုင်သည်ဟု Passport နိုင်ငံကူး လက်မှတ်လုပ်ပေးသည့် ပွဲစားများက ခန့်မှန်းပြောဆိုသည်။