ဒီးမော့ဆိုတွင် စစ်ကောင်စီ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

ဒီးမော့ဆိုတွင် စစ်ကောင်စီက ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါသငူးကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်များမှ ၁၂၀-မမ လက်နက်ကြီးများနှင့် ၂၄၀-မမ အတွဲလိုက် ပစ်ဒုံး (MLRS) တို့ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဒီးမော့ဆို PDF မှ ဗဟိုပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “အရင်တုန်းက ဒီးမော့ဆို အနောက်ဘက်ကမ်း သူတို့ (စစ်ကောင်စီ) သွားတဲ့ ပြည်ထောင်စုလမ်းမကြီး တလျှောက်မှာ မိုင်းထောင်ထားတာ ရာနဲ့ချီရှိတယ်။ အဲ့ဒါတွေ ကို ကျနော်တို့ ရဲဘော်တွေက နေရာရွှေ့ပြီးတော့ ထောင်လိုက်တော့ သူတို့နင်းမိတာပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့ ရဲဘော်က ချက်ချင်း သတင်းပို့တယ်။ စစ်ကောင်စီ မိုင်းနင်းမိပြီပေါ့။ ဒဏ်ရာရတဲ့ သူ့ရဲဘော်ကို တွဲယူဖို့ ဘေးမှာ ရန်သူ ရှိ/မရှိ ဒရုန်းနဲ့ ကင်းထောက်လာတယ်။ အဲဒီမှာ လက်နက်ကြီးနဲ့ လှမ်းထုတာပေါ့” ဟု ပြောသည်။

ဇန္နဝါရီလ ၂၀ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်တွင် စစ်ကောင်စီတပ်များက ဒေါသငူးကျေးရွာသို့ လက်နက်ကြီးများဖြင့် ၈ ကြိမ်တိတိ ရမ်းသန်းပစ်ခတ်မှုကြောင့် ဈေးဝယ်နေသည့် အသက် ၅၀ အရွယ် အမျိုး သမီးတစ်ဦးနှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒီးမော့ဆို PDF တာဝန်ိရှသူ များ က ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ စစ်ကောင်စီ၏ ဒီးမော့ဆို အခြေစိုက်တပ်ရင်း ၂ ရင်း ဖြစ်သည့် ငွေတောင်အခြေစိုက် ခြေ လျင်တပ်ရင်း (ခလရ ၁၀၂) နှင့် ခြေမြန်တပ်ရင်း (၄၂၇) တို့မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

လက်နက်ကြီးပစ်ခတ်မှု အပြီးတွင် အမျိုးသမီးဖြစ်သူမှာ ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာရရှိ၍ လွိုင်ကော် ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ရပြီး ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ဖြစ်သူမှာ ပေါင်ရင်းတွင် မစိုးရိမ် ဒဏ်ရာ ရခဲ့သည်။ ထို့အပြင် ဒေသခံများ၏ နေအိမ်တစ်အိမ်ရှိ နွားခြံတည့်တည့်ကိုလည်း လက်နက်ကြီး ထိမှန် ပေါက်ကွဲပြီး နွား ၂ ကောင်၊ ဝက် ၁ ကောင်၊ ကြက် ၁ ကောင် ထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အလားတူ ဇန္နဝါရီလ ၄ ရက်နေ့တွင်လည်း ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်း တစ်ခုသို့ စစ်‌ကောင်စီ၏ ခလရ ၁၀၂ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သေး သည်။

ပြီခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစပြီး စစ်ကောင်စီတပ်များမှ ဒီးမော့ဆိုမြို့နယ် အတွင်းသို့ လက်နက်ကြီးများ နေ့စဉ်နှင့်အမျှ ပစ်ခတ်နေပြီး ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သား အရေအတွက် တိုးလာနေသည်ဟု ဒေသခံများ က ပြောသည်။

ထို့ကြောင့် ဒီးမော့ဆို PDF အား ကာကွယ်ရေး အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း “ညွှန်ကြားချက် တော့ အမြဲလုပ်တယ်ပေါ့နော်။ စစ်ဘေးရှောင်တဲ့ ကလေးတွေ၊ စာသင်တဲ့သူတွေ၊ ပြည်သူတွေနေတဲ့ တဲအနီးမှာ ဗုံးခိုကျဉ်း တူးထားဖို့ပေါ့နော်။ လေယာဉ်သံ၊ လက်နက်ကြီးပစ်သံ ကြားတာနဲ့ ချက်ချင်း ပြေးဝင်ဖို့ပေါ့နော်။ အဲလို ပညာပေး အစီအစဉ်တွေ အမြဲတမ်းလုပ်တယ်ပေါ့နော်” ဟု တာဝန်ရှိသူက ဖြေကြားခဲ့ သည်။

ယခုနှစ်၊ ဇန္နဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်နေမှုများကြောင့် အရပ်သား ၄ ဦး ထိမှန် သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။