ဂဏာန်းပျော့လုပ်ငန်း ရပ်တည်ရေး အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

ဧရာဝတီတိုင်းက ဂဏန်းပျော့ မွေးမြူရေး လုပ်ငန်း ရပ်တည်ရန် ခက်ခဲနေသည်ဟု မွေးမြူရေး လုပ်ငန်းရှင် များ က ပြောသည်။

အိမ်နီးချင်းနိုင်ငံများနှင့် အာရှ၊ ဥရောပနိုင်ငံအချို့ကို တင်ပို့ရောင်းချနေသည့် ဧရာဝတီတိုင်း အတွင်းက ဂဏာန်း အရေပျော့ မွေးမြူ ရောင်းဝယ်ရေးလုပ်ငန်းမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ရပ်တည် လုပ်ကိုင် ရန် အခက်အခဲများ ရှိလာနေသည်ဟု ဂဏာန်းအရေပျော့မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ က ပြောသည်။

လပွတ္တာ မြို့နယ်က ဂဏာန်း အရေပျော့ မွေးမြူ ရောင်းဝယ်သူတစ်ဦး “ပြည်တွင်း ဈေးကွက်လောက်နဲ့ မရဘူး အရင်ကတည်းက ပြည်ပဈေးကွက်ကိုပဲ အားထားရတာ။ ၂ နှစ် နီးပါးရှိလာတဲ့ အချိန်အထိ ပြည်ပဈေးကွက်နဲ့ ပြန်ပြီး ချိတ်ဆက် မလုပ်နိုင်သေးဘူး။ ဒီလို အခြေအနေမျိုးနဲ့ ရေရှည်မှာ ရပ်တည်ဖို့ မလွယ်ဘူး“ ဟု ပြော သည်။

ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေးနေပြီး ပြည်ပဈေးကွက်လည်း မရှိသလောက် ဖြစ်လာသည့် အပြင် ကုန်ကြမ်းဖြစ်သော ဂဏာန်း အရေခွံအမာ ဈေးနှုန်းမှာလည်း မြင့်တက်လာသကဲ့သို့ ကုန်ချောဖြစ်သည့် ဂဏာန်းအရေပျော့ ဈေးနှုန်းမှာ လျော့ကျသွားသောကြောင့် ရပ်တည်ရန် ခက်ခဲလာခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင် များက ပြောသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဖြစ်သည့် လမ်းခရီး စစ်ဆေးရေး ဂိတ်များကြောင့် ကုန်စည်ပို့ဆောင်ရာ တွင်လည်း ကြန့်ကြာပြီး ဂိတ်ကြေးများ အဆမတန်ပေးနေရကာ အထွေထွေ ဝန်ဆောင်စရိတ် ကြီးမြင့်လာကာ လုပ်ငန်း လုပ်ကိုင်ရန် ပိုမို ခက်လာသည့်အပြင် ပြည်ပဈေးကွက် မှာယူမှုများကလည်း လျော့ကျသွားသည် ဟု ပြောသည်။

အလားတူ ပြည်တွင်း ဈေးကွက်မှာလည်း ယခင်က ဂဏာန်းပျော့ တပိဿာကို ၁၄၀၀၀ ကျပ်ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး တပိဿာ ဈေးနှုန်း ၈၀၀၀ အထိ ကျဆင်းသွားပြီး အရှုံး ပေါ်နေခြင်းကြောင့် လပွတ္တာမြို့နယ် တခုအတွင်းမှာပင် လုပ်ငန်းရှင် ၇၀ ခန့်ရှိနေရာမှ ထက်ဝက်နီးပါးခန့် လျော့ ကျသွားသည်ဟု ဒေသတွင်း လုပ်ငန်းရှင်များက ပြောသည်။

ဒေသခံ လုပ်ငန်းရှင် တစ်ဦး က “ပြည်တွင်းမှာ က ဟိုတယ် စားသောက်ဆိုင်လောက်ပဲ ဝယ်လိုအားက ရှိနေတော့ လုပ်ငန်းက အရှုံးပေါ်နေတယ်။ တချို့လည်း အလုပ်သမားစရိတ် စားစရိတ် သုံးစရိတ်ကာမိ ရုံလောက်နဲ့ တောင့် ခံပြီး လုပ်နေရတယ်။ မွေးကန် တချို့တွေ ရပ်လိုက်တော့ အလုပ်လက်မဲ့တွေလည်း များလာတာပေါ့။ နိုင်ငံခြား ကို ပို့ရောင်းရမှ အဆင်ပြေမှာ” ဟု ပြောသည်။

ထို့အပြင် စားသောက်ကုန် နှင့် အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် ဒေသခံ ကျွမ်းကျင်လုပ်သား အများစုမှာ ဂဏာန်းအရေပျော့ လုပ်ငန်း၏ ပုံမှန်ဝင်ငွေဖြင့် လောက်ငှမှုမရှိခြင်းကြောင့် လုပ်ငန်းက စွန့်ခွာပြီး လုပ်ငန်းသစ် ပြောင်းရွေ့သူ၊ ပြည်ပထွက် အလုပ် လုပ်ကြသူ များပြားလာသည်ဟု ဖျာပုံမြို့နယ်က ဂဏာန်း အရေပျော့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများ က ပြောသည်။

ဧရာဝတီတိုင်းအွင်း ဂဏာန်း အရေပျော့ မွေးမြူရေး လုပ်ငန်းကို ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ၊ ဟိုင်းကြီးကျွန်း၊ ဘိုက လေး နှင့် အမာ စသည့် မြို့နယ်များတွင် အများဆုံး လုပ်ကိုင်နေကြပြီး ဂဏာန်းမွေးမြူရေး လုပ်ငန်းရှင် တစ်ဦး တွင် မွေးမြူရေး ကန် ၁၅ ကန် အထိရှိကြပြီး တစ်ကန်ကို မွေးမြူရေးလုပ်သား အနည်းဆုံး ၂၀ ဦး မှ ၃၀ ဦး အထိ လုပ်ကိုင်ကြရသည်။

စစ်တပ်က အာဏာမသိမ်းခင် ဧရာဝတီတိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်းများမှ ရရှိသည့် ဂဏာန်း အရေပျော့ များကို ရန်ကုန် ဈေးကွက်မှ တဆင့် တရုတ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ စသည့် အိမ်နီး ချင်း နိုင်ငံများနှင့် ဥရောပနိုင်ငံ အချို့အထိ တင်ပို့ရောင်းချခဲ့ရသည် ဟု မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ၏ မှတ်တမ်းများအရ သိရသည်။