ဘုရားသုံးဆူတွင် ဌာနဆိုင်ရာ ရုံးများကို တိုက်ခိုက် မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။
ဘုရားသုံးဆူမြို့က စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ တိုက်ခိုက် မီးရှို့ခံရသည်ဟု မြို့ခံများက ပြောသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများဖြစ်သည့် လဝကရုံး၊ စရဖရုံး၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးတို့ စီးနင်းတိုက်ခိုက်ခံရပြီး မီးရှို့ခံခဲ့ရသည်ဟု ဘုရားသုံးဆူ မြို့ခံများက ပြောသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “ညက ၉ နာရီခွဲ ၁၀ နာရီလောက်မှာ ပစ်ခတ်သံတွေ ကြားတော့ အခြေအနေ မေး ကြည့်တာ စရဖရုံး၊ လဝက၊ မယကရုံးတွေကို မီးရှို့နေတာ သိရတယ်။ ဒီမနက်မှာလည်း သေနတ်သံ တစ်ချက် နှစ်ချက် ကြားရသေးတယ်။ လက်ရှိ မြို့ပေါ်က အခြေအနေကတော့ အသွားအလာပုံမှန်ပါပဲ” ဟု ပြောသည်။
ဇန္နဝါရီလ ၂၃ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့တို့က ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများကို ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ တိုက်ခိုက် မီးရှို့ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများပါ ဖြစ်ပွားခဲ့သည့် အပြင် ဇန္နဝါရီလ ၂၄ ရက်နေ့ (ယနေ့) နံနက်ပိုင်း အချိန်ထိ သေနတ်သံများ ကြားနေရသေးသည်ဟု မြို့ခံများက ပြောသည်။
ထိုသို့ သေနတ်သံများ ယနေ့ နံနက်ပိုင်းအထိ ကြားနေရသော်လည်း မြို့ပေါ်တွင်မူ အသွားအလာ ပုံမှန်ရှိနေသည် ကို တွေ့ရှိရသည်ဟုလည်း မြို့ခံများ က ဆိုသည်။
လက်ရှိတွင် မြို့ခံများက တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြပြီး အချို့သော မြို့ခံများမှာ ဘေးလွတ်မည့် ထိုင်းနိုင်ငံ ဘက်ကမ်းသို့ တိမ်းရှောင်သွားသူလည်း ရှိနေသည်ဟု ဘုရားသုံးဆူ ဒေသခံအချို့က ဆိုသည်။
ဘုရားသုံးဆူမြို့ တိုက်ပွဲနှင့် ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်များဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာ ခြင်းမျိုး မရှိသေးသလို နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိ-မရှိ အခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများနှင့် ရဲစခန်းများကို ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဆက်တိုက် တိုက်ခိုက်လာခဲ့ပြီးနောက် ဇန္နဝါရီလ အတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ် နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်သူများ အတွက် အန္တရာယ်ရှိသည်ဟုဆိုကာ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းကိုလည်း KNU ဒူးပလာယာခရိုင်က ဇန္နဝါရီလ ၁၆ ရက်နေ့က စတင်၍ ခရီးသွားလာခွင့် ပိတ်ထားသည်။