စစ်ကောင်စီနှင့် ပူးပေါင်း၍ လယ်ယာမြေ ရောင်းဝယ်ခြင်း မပြုရန် ပြည်သူ့ အုပ်ချုပ်ရေး သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။

စစ်ကောင်စီနှင့် ပူးပေါင်း၍ လယ်ယာမြေများ ရောင်းဝယ်နေခြင်း တရားဝင်မှု မရှိ ဟု လောင်းလုံးမြို့နယ် ပြည် သူ့ အုပ်ချုပ်ရေးအဖွဲ့က သတိပေးလိုက်သည်။

ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး လယ်ယာမြေများအား ဈေးနှိမ်ဝယ်ယူကာ မြေဖို့ အကွက် ရိုက် ပြန်လည်ရောင်းချနေမှုများနှင့် ပတ်သက်၍ တရားဝင်မှုမရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

လောင်းလုံး-ပအဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက “တချိန်ကြရင် ဈေးကောင်းရမယ့် နေရာတွေ ဈေးသက်သာတုန်း ဝယ်ထားကြလို့ ပြောဆိုပြီး စီးပွားရေးသမားတွေက မက်လုံးပေးရောင်းနေကြတာ” ဟု ပြောသည်။

နေအိမ် အတည်တကျ မရှိသေးသူ လက်လုပ်လက်စားများက ချွေးနည်းစာ စုဆောင်းထားသည့် ငွေကြေးများဖြင့် ဝယ်ယူနေသည်သာမကဘဲ နောင်တစ်ချိန်တွင် ဈေးနှုန်း မြင့်မားလာနိုင်သည်ဟု တွက်ဆကာ ငွေကြေးတတ်နိုင်သူ များကလည်း မျှော်လင့်ချက်ဖြင့် လယ်ယာမြေ အကွက်များအား ဝယ်ယူနေသည်များလည်း ရှိနေသည်ဟု ဒေသ ခံများက ပြောသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ လယ်ယာမြေများကို မြေဖို့ အကွက်ရိုက် ရောင်းချနေသူ များပြား လာနေခြင်းကြောင့် ဇန္နဝါရီလ ၂၃ ရက်နေ့က စာအမှတ် ၃/၂၀၂၃ ဖြင့် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု လောင်းလုံး-ပအဖ အဖွဲ့ တာဝန်ရှိသူက ပြောသည်။

လယ်ယာမြေများအား ဖျက်ဆီးမြေဖို့ခြင်းနှင့် အခြားနည်းဖြင့် အသုံးပြုခြင်းတို့မှာ တရားဝင်မှု မရှိသည့်အပြင် တည်ဆဲဥပဒေအရ နောင်တချိန်တွင် ဝယ်ယူထားသည့် မြေဧရိယာများ ပြန်လည်သိမ်းဆည်း ခံရနိုင်ဖွယ်ရှိနေ ခြင်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများနှင့် မကြုံတွေ့ရစေရန် ကြိုတင် အသိပေးရခြင်းဖြစ်သည်ဟု လောင်းလုံး – ပအဖ အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ထိုကဲ့သို့ လယ်ယာမြေများ တရားမဝင် အကွက်ရိုက် ရောင်းချသူများ အနေဖြင့် လယ်ယာမြေများအား ဆက်
လက် ဖျက်ဆီးခြင်း မပြုလုပ်ကြပါရန်နှင့် အရောင်းအဝယ် ပြုလုပ်နေခြင်းများအား ရပ်ဆိုင်းကြရန်ကိုလည်း
သတိပေး ထားသည်။

အလားတူ ဇန္နဝါရီလ ၂၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် အကွက်ရိုက် ရောင်း ချရန် လယ်ယာမြေများ အပေါ် မြေဖို့နေသည့် မြေသယ်ကားသမားများကို လောင်းလုံး – ပကဖအဖွဲ့နှင့် LLPDF တပ်ဖွဲ့တို့ ပူးပေါင်း၍ သွားရောက်သတိပေးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိရောင်းချနေသည့် ပေ ၃၀ × ၅၀ မြေတကွက်လျှင် နေရာ အနေအထားပေါ် မူတည်၍ ငွေကျပ် ၃၅ သိန်းမှ သိန်း ၇၀ အထိ စျေးအမျိုးမျိုး ရှိနေသည်ဟု ဆိုသည်။
LLPDF တပ်ဖွဲ့ကလည်း အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်၍ ရပ်နားခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေပါက မြေဖို့ အကွက်ရိုက် ရောင်းချနေသူများကို ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။