အမျိုးသမီး တစ်ဦးအား ပစ်ခတ်သည့် ပျူစောထီးမိသားစုလိုက် ထွက်ပြေးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

အရပ်သား အမျိုးသမီးတစ်ဦးအား ပစ်ခတ်ခဲ့သည့် ပျူစောထီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မိုင်းပျိုးကျေးရွာအုပ်စု၊ ရေသာကျေးရွာတွင် အရပ်သား အမျိုးသမီးတစ်ဦးအား ပျူစောထီးခေါင်းဆောင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ကျေးရွာနေ ပြည် သူများက ပြောသည်။

ထိုသို့ ပစ်ခတ်ပြီးသည့် အချိန်မှစ၍ အဆိုပါ ပျူစောထီးခေါင်းဆောင်မှာ ညတွင်းချင်းပင် မိသားစုလိုက် ထွက် ပြေးတိမ်းရှောင်သွားပြီး ယနေ့အချိန်ထိ အစအနပင် မတွေ့ရသေးဘူးဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

ပစ်ခတ်ခံရသူ မိသားစုနှင့် နီးစပ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “နားကန်းတာမျိုးတော့ မရှိ ဘူး။ ဖြစ်ဖြစ်ချင်းမှာ သွေးထွက် တအားလွန်သွားတော့ နန်းပန်ဆေးရုံကို ပစ်တဲ့အဖွဲ့က နေပြီးတော့ လိုက်ပို့ ပေးတယ်ပေါ့။ ပို့ပြီးတော့ နန်းပန်ဆေးရုံမှာ သွေးထွက် တအားလွန်နေတော့ လက်မခံရဲဘူး။ အဲတော့ စဝ်စံ ထွန်းကို လွှဲတယ်ပေါ့။ တောင်ကြီးကို ကိုယ့်အစီစဉ်နဲ့ကိုယ် တက်လိုက်ရတယ်ပေါ့နော်” ဟု ပြောသည်။

ပစ်ခတ်သူ ပျူစောထီးခေါင်းဆောင်မှာ မိုင်းပျိုးကျေးရွာနေ အသက် ၃၀ အရွယ် ကိုပဒေါင် ဖြစ်ပြီး ဇန္နဝါရီလ ၂၂ ရက်နေ့၊ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ငါးဖမ်းသမားများ စုဝေးနေသည့်အချိန်၌ ဆက်ကြေးတောင်းရာ မပေးသော ကြောင့် ရမ်းသန်းပစ်ခဲ့ရာ အိမ်ထဲတွင်ရှိနေသည့် အမျိုးသမီးတစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသမီးမှာ အသက် ၃၁ နှစ်အရွယ် မစန္ဒဝင်း ဆိုသူ ဖြစ်ပြီး လက်ယာဘက် နား ရွက်ပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် မစန္ဒာဝင်းမှာ ဇန္နဝါရီလ ၂၅ ရက်နေ့တွင် ဆေးရုံမှ ဆင်းလာပြီဖြစ်ပြီး မိသားစုဝင်များမှာ ပျူစောထီး ခေါင်းဆောင်အား အမှုဖွင့်ရန် ပြင်ဆင်နေပြီဟု ဒေသခံများက ပြောသည်။

ရေသာကျေးရွာနေ အမျိုးသမီးတစ်ဦးက “မိသားစုက အမှုဖွင့်မယ့် ပုံစံမျိုးနဲ့ အဲ့ဒီနေ့ကပေါ့နော် လိုက်ရှာတော့ မတွေ့တော့ မဆိုင်တဲ့လူကို ပစ်တယ်ဆိုပြီးတော့ အရေးမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲလိုမျိုး သတင်းတော့ ကြားမိ တယ်ပေါ့။ ဒါပေမယ့် မိသားစုနဲ့ အဆက်သွယ်မရလို့ သတင်းကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ပြောသည်။

ပျူစောထီးခေါင်းဆောင် ကိုပဒေါင်ဆိုသူမှာ ပြီးခဲ့သည့် ဒီဇင်ဘာလတွင်း စစ်ကောင်စီမှ ပေးသော ပျူစောထီး သင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်ပြီး ၎င်းတို့ မိသားစုဝင်များမှာလည်း စစ်ကောင်စီ ထောက်ခံသူများဟု ဆို သည်။

လက်ရှိ ပျူစောထီးခေါင်းဆောင် ကိုပဒေါင်မှာ မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်နေပြီး ၎င်းအားမတွေ့ပါက ကျေးရွာနေ ပြည်သူများအားလုံးက ၎င်း၏နေအိမ်ကို မီးရှို့မည်ဟု ရေသာကျေးရွာနေ ပြည်သူများက ပြောသည်။

အင်းလေးဒေသရှိ ပျူစောထီးအဖွဲ့မှာ စစ်ကောင်စီခန့် အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းမှ အခြားတိုင်းရင်းသားများတွင် လက်နက်ကိုင်တပ် ရှိသကဲ့သို့ အင်းသားလူမျိုးများတွင်လည်း ရှိရမည်ဟုဆိုကာ ပြောဆိုစည်းရုံးခဲ့သော အဖွဲ့ဖြစ်သည်။

အဆိုပါ ပျူစောထီးအဖွဲ့မှာ ဒေသအတွင်း ရွာသူ/သားများထံမှ ဆက်ကြေးကောက်ခြင်း၊ ရမ်းသန်းပစ်ခတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ နေ့စဉ်ပြုလုပ်နေသောကြောင့် အင်းလေးဒေသခံများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့် နေကြရသည်ဟု ဆိုသည်။