ရေး-သံဖြူဇရပ်ကားလမ်း ယာဉ်မတော်တဆမှု ကလေး ၁ ဦးအပါအဝင် ၅ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ် ကားလမ်းမပေါ် တွင် ယာဥ်တိုက်မှု တစ်ခုဖြစ်ပွားပြီး ကလေး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးသွားခဲ့သည်ဟု လူမှုကယ် ဆယ်ရေး အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ ဆင်းလာသည့် Probox ယာဥ်နှင့် ရေးဘက်မှ သံဖြူဇရပ်ဘက်သို့ တက်လာသည့် Express ယာဥ်တို့သည် ကနင်အမော့ ကျေး ရွာနှင့် အောင်သာယာကျေးရွာတို့ အကြားတွင် ဇန္နဝါရီလ ၂၇ ရက်နေ့၊ ညနေ ၆ နာရီ ၄၀ မိနစ် အချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် Probox ယာဥ်ပေါ်တွင် ပါလာသည့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ ယာဥ်အကူနှင့် ယာဥ်မောင်းတို့ အားလုံး ကားထဲညှပ်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက “Probox ကားက ဘုရားသုံးဆူဘက်ကနေ လာတယ်လို့ သိရတယ်။ ကားပေါ်မှာက ကလေး ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ ယောကျ်ားလေး ၂ ဦးပါလာတယ်။ အားလုံး သေဆုံးသွားခဲ့ တယ်။ ကားထဲမှာ ညှပ်နေကြတယ်။ dead body တွေကို မနည်းဆွဲထုတ်ခဲ့ရတယ်” ဟု ပြောသည်။

Probox ယာဥ်သည် ဘုရားသုံးဆူမြို့မှ လာသည့် ယာဥ်ဖြစ်ပြီး ခရီးသည်များဖြစ်ကြသည့် မိန်းကလေး ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို တနင်္သာရီတိုင်းဒေသကြီး ရေဖြူဘက်သို့ ပို့ဆောင်ရင်း ယခုကဲ့သို့ ယာဥ်တိုက်မှု ဖြစ်သွား ခဲ့ခြင်း ဖြစ်သည်။

Probox ယာဥ်နှင့် တိုက်မိမှုဖြစ်ခဲ့သည့် Express ကားပေါ်တွင် ပါလာခရီးသည်များကတော့ ထိခိုက်သေဆုံးမှု မရှိ ကြောင်း Express ယာဥ်မောင်းမှာ ထွက်ပြေးသွားကြောင်းလည်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ကားထဲညှပ်နေခဲ့သည့် သေဆုံးရုပ်အလောင်းများကို လမိုင်းလူငယ် ပရဟိတအသင်း၊ ရွှေဟင်္သာ လူမှုကူညီရေး အသင်း၊ မေတ္တာရှေ့ထား လူမှုကယ်ဆယ်ရေးအသင်း (အစင်) နှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းဆွဲထုတ်ခဲ့ပြီး လမိုင်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရသည်ဟု လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူများက ပြော သည်။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် ယာဥ်တိုက်မှု၊ ယာဥ်မတော်တဆ ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လူသေဆုံးခြင်း၊ ထိခိုက်ခြင်းများလည်း အများအပြားရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအချိန်ခန့်ကလည်း ရေး-သံဖြူဇရပ်ကားလမ်းမပေါ်က နှစ်ကရင်လမ်းဝတွင် ယာဥ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရေဖြူမြို့နယ်ဘက်က ခရီးသွား ၇ ဦး သေဆုံးခဲ့သည်။