ဘုရားကျောင်းသွားသော သားအဖအား ပျူစောထီးဂိတ်မှ သေနတ်ဖြင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

ထားဝယ်ခရိုင်အတွင်း တနင်္ဂနွေ ဝတ်ပြု ဆုတောင်းရန် ဘုရားကျောင်းကို ဆိုင်ကယ်ဖြင့်လာသည့် သားအဖ ၂ဦး အား ပျူစောထီးဂိတ်မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် သားဖြစ်သူ ကျည်ထိမှန်ကာ အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။

သေနတ် ၃ ချက် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သည့် ဖခင်ဖြစ်သူကိုမထိဘဲ အနောက်တွင် ထိုင် လိုက်လာသည့် သားဖြစ်သူ လည်ပင်းနှင့် ဦးခေါင်းနေရာတို့တွင် ကျည်ထိမှန်သွားခြင်း ဖြစ်သည်ဟု အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက ဆိုသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ရားဖူးကျေးရွာ အုပ်စုအတွင်းရှိ မိုင် ၆၀ ကျေးရွာမှ မင်းသား ကျေးရွာသို့ ဆိုင်ကယ်မောင်းနှင်လာစဉ် ဇန္နဝါရီလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်က ပစ်ခတ်ခံရခြင်း ဖြစ် သည်။

ဒေသခံတစ်ဦးက “ပစ်လိုက်တဲ့သူက အသက် ၆၀ လောက်ရှိတဲ့ ပျူစောထီး လို့ ကြားရတယ်။ သူတို့သားအဖ ၂ ယောက်က တနင်္ဂနွေနေ့ အပတ်တိုင်း ရွာက ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းဖို့ အမြဲ လာနေကြပါ” ဟု ပြောသည်။

ပစ်ခတ်ခံရသူ ၂ ဦးမှာ ကံပေါက်ဒေသအနီးရှိ အိန္ဒရာဇာကျေးရွာအုပ်စု ဆင်ကူးရွာသားများဖြစ်ပြီး မိုင် ၆၀ ကျေး ရွာတွင် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသည့် ဦးမင်းလတ်နှင့် သားဖြစ်သူ ၈ တန်းကျောင်းသား မောင်သြနေသ အသက် ၁၆ နှစ်တို့ ဖြစ်သည်။

သားအဖနှစ်ဦး ဘုရားကျောင်းတက်ရန် အတွက် မင်းသားကျေးရွာသို့ (ဒေသအခေါ်) အနောက်လမ်းဟုခေါ်သည့် စိန်ဘုံကျေးရွာလမ်းမှ ဆိုင်ကယ်ဖြင့် သွားစဉ် မင်းသားကျေးရွာထိပ်ရှိ ပျူစောထီးစစ်ဆေးရေး ဂိတ်တွင် သေနတ် ဖြင့်ပစ်ခတ်ခံရခြင်း ဖြစ်သည်။

မင်းသားကျေးရွာရှိ လက်နက်ကိုင် ပျူစောထီးအဖွဲ့က ဆိုင်ကယ် ရပ်ခိုင်းသည်ကို ရပ်မပေးသောကြောင့် ပစ်ခတ် လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသည့် မောင်သြနေသ (စိုးရိမ်ရ) အား အရေးပေါ် လူနာတင်ယာဉ်ဖြင့် မောရဝတီ ရေတပ်ဆေးရုံသို့ တင်ဆောင်သွားပြီး ထိုမှတစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကာ အရေးပေါ် ခွဲစိတ်ကုသမှုခံယူနေရ သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မင်းသားကျေးရွာတွင် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသူ ပျူစောထီးအဖွဲ့ဝင် ၁၃ ဦး ရှိပြီးဒေသခံများ နှင့် လမ်းသွားလမ်းလာသူများကို စစ်ဆေးရေးဂိတ်တွင် ရှောင်တခင်စစ်ဆေးလေ့ရှိသည် ဟု ဒေသခံများက ဆို သည်။

ဇန္နဝါရီလ ၂၅ ရက်နေ့က ကံပေါက်ဒေသ အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးအဖွဲ့ဝင် သုံးဦးပစ်ခတ်ခံရပြီး သည့်နောက် စစ်ကောင်စီတပ်မှ ကံပေါက်ဒေသတွင်း ဆိုင်ကယ်စီးခွင့်ကို ရက်အကန့်အသတ် မရှိ ပိတ်ထားခဲ့ သည်။