မြေမြုပ်မိုင်းကြောင့် ကားတစ်စီး ထိမှန်ပေါက်ကွဲ အရပ်သား ၄ ဦး ပွဲချင်းပြီးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။
လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီ မြေမြုပ်မိုင်းကြောင့် ကား ၁ စီးထိမှန်ပေါက်ကွဲခဲ့ရာ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။
ကယား (ကရင်နီပြည်)၊ လွိုင်ကော်မြို့နယ်၊ ဇရပ်ဖြူကျေးရွာလမ်းတွင် အိမ်စီးကား ၁ စီး စစ်ကောင်စီတပ်များ ထောင်ထားသည့် မြေမြုပ်မိုင်းအား ဖြတ်မောင်းမိပြီးနောက် ပြင်းထန်စွာပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လွိုင်ကော်မြို့တွင်း ကူညီဆောင်ရွက်ပေးနေသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “ဖြစ်စဉ်ကတော့ ဒီကနေ မော်ချီးကို တက်တယ်ပေါ့။ လမ်းကြောင်းတော့ ပိတ်ထားတယ်။ ဒါပေမယ့် သူတို့ကတော့ တက်သွား တယ်ပေါ့။ ကားပေါ်မှာ သံတွေလည်း နည်းနည်းပါမှာပေါ့။ လွိုင်ကော်မြို့ကနေ နည်းနည်းထွက်ရုံလေးပဲ ရှိ သေးတယ်။ ဇရပ်ဖြူကနေထွက်ပြီး နမ့်ဟူးဆီကိုသွားတဲ့ ကျောက်ကြမ်းလမ်းမှာပေါ့။ အဲဒီလမ်းပေါ်မှာ ပေါက် ကွဲမှု ဖြစ်တာပေါ့” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နေ့လည် ၂ နာရီ အချိန်ခန့်တွင် လွိုင်ကော်မြို့ထွက် အရှေ့တောင်ဘက် ၄ မိုင်၊ လောပိတ ဖြတ်လမ်းဖြစ်သည့် ဇရပ်ဖြူကျေးရွာလမ်း၌ အိမ်စီးကား IPSUM တစ်စီးမှာ မြေမြုပ်မိုင်းအား ဖြတ်သန်းမိ၍ ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီးနောက် အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ ခဲ့ ခြင်း ဖြစ်သည်။
သေဆုံးသူများမှာ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ ကိုစိန်မင်း တို့ဖြစ်ပြီး မကွေးတိုင်း ဒေသကြီး၊ ဆိတ်ဖြူမြို့ တွင် နေထိုင်ကြသူများ ဖြစ်သည်။
သို့သော် ကျန် ၁ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂ ဦးမှာ “သူတို့မှတ်ပုံတင်တွေ သူတို့ပါလာတဲ့ အချက်အလက်တွေ အကုန်လုံးက မိုင်းကွဲတဲ့နောက်ပါသွားတော့ လွယ်အိတ်တွေလည်း အစအန ရှာမရသေးတော့ တိတိကျကျ အကုန်မသိရသေးဘူး။ စစ်ရှောင်တွေတော့ မဟုတ်ဘူး။ အလုပ်လုပ်တဲ့သူတွေ ထင်တယ်။ ကုန်တွေနဲ့ ဆိုတော့” ဟု အသက် ၃၀ ကျော်အရွယ် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးပြောသည်။
ထိုထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးနှင့် သေဆုံးသူ ၄ ဦးလုံးမှာ အမျိုးသားများဖြစ်ကြသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် သူများက ပြောသည်။
လက်ရှိတွင် ဒဏ်ရာရသူ ၂ ဦးမှာ နောက်စိ၊ နဖူး၊ ခေါင်းနှင့် ခြေလက်တို့တွင် စုတ်ပြဲ ဒဏ်ရာများရရှိခဲ့ပြီး လွိုင် ကော် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။ ၎င်းတို့ ၂ ဦးလုံးမှာ သတိလစ်မေ့မျော နေကြပြီး အသက်အန္တရာယ်လည်း စိုးရိမ်နေရသည်ဟု ကူညီပေးနေသူများက ပြောသည်။
ယခုမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဇရပ်ဖြူကျေးရွာလမ်း အနီးတစ်ဝိုက်နေရာများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် နေရာဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် အဆိုပါ လမ်းတွင် စစ်ကောင်စီ၏ မြေမြုပ်မိုင်းများ နေရာအနှံ့ ထောင်ထားသည်ဖြစ်ရာ လွိုင်တော်မြို့နယ် တော် လှန်ရေး အင်အားစုများမှ ပြည်သူများအား မသွားကြရန် တားမြစ်ထားသည်။
ယခု ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီလ ၆ အထိ ကရင်နီပြည်နယ်ထဲ စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုနှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ပေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲအစည်း တာဝန်ရှိသူများက ပြောသည်။