တရုတ်နယ်စပ် ကြံစိုက်ပျိုးမှု ကျဆင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
စိုက်ပျိုးစားရိတ် မြင့်တက်လာသည့်အတွက် တရုတ်-ကချင် နယ်စပ် ကြံစိုက်ပျိုးမှု သုံးပုံ နှစ်ပုံအထိ လျော့ကြသွားသည်ဟု ဒေသခံများက ပြောသည်။
တရုတ်-ကချင် နယ်စပ် အတွင်းက ဒေသခံများက စားဝတ်နေရေးအတွက် ကြံစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား စိုက်ပျိုးကြသော်လည်း COVID-19 ကူးစက် ရောဂါ ဖြစ်ပွားပြီးနောက် လွယ်ဂျယ်နယ်စပ်ဂိတ်ပိတ်လိုက်သည့်အပြင် ယခု ပြန်ဖွင့်ချိန်တွင်လည်း ကုန်သွယ်ရေး ခက်ခဲလာခြင်း နှင့် အရင်းအနှီး များလာခြင်းကြောင့် စိုက်ပျိုးမှုနှုန်း လျှော့နည်းသွားခြင်း ဖြစ်သည်ဟု ပြောသည်။
လွယ်ဂျယ် ဆွတ်ငိုင်ကျေးရွာက ကြံစိုက်တောင်သူ ဦးတန်ဂွန်းက “အရင်က ကြံစိုက်ပျိူးတဲ့ အချိန် ပေးတဲ့ မြေ သြဇာတွေ၊ နောက်ပြီးမှ ချမစားနိုင်တဲ့ ဆေးတွေ၊ ပိုးမစားနိုင်ဖို့ ဆေးတွေ လာပေးတယ်။ လာပေး ပြီးမှ ကြံ ထွက်တဲ့ အချိန်မှပဲ အဲဒီအကြွေးတွေ နုတ်တယ်။ အခုက မဟုတ် တော့ဘူး။ သူတို့က ကြံစိုက်တဲ့ အချိန်မှာ ချမ စားတဲ့ ဆေးတွေ မပေးတော့ဘူး။ နောက်ပြီးမှ ပိုးမစားနိုင်တဲ့ ဆေး တွေ မပေးတော့ဘူး။ နောက်ပြီးမှ မြက် တွေရှင်းတဲ့ ဆေးတွေ မပေးတော့ဘူး။ အရင်းအနှီး မရှိတဲ့ လူတစ်ယောက်က မလုပ် စားနိုင်တော့တဲ့ အလား အလာ ရှိလာတယ်။ အဲ့ဒါကြောင့် တော်တော်တော့ ခက်ခဲလာနေပြီ။ မလုပ်ချင်လည်း ဒါပဲ လုပ်နေရတယ်” ဟု ပြောသည်။
COVID-19 ကပ်ရောဂါ မဖြစ်ပွားခင်နှစ်များတွင် တရုတ်နယ်စပ်ရှိ ကြံစိုက်တောင်သူများကို ကြံစတင်စိုက်ပျိုး ချိန် ကုန်ကျမည့် စိုက်ပျိုးရေးစရိတ်များကို တရုတ်ကုန်သည်များက ထုတ်ချေးပေးထားပြီး ကြံခုတ်ချိန်ရောက်မှ သာ ဖြတ်ယူခဲ့ကြသော်လည်း ယခုနှစ်တွင် မည်သည့် ကုန်သည်မှ ထုတ်ချေးပေးခြင်းမျိုး မရှိတော့ဘူးဟု ဆိုသည်။
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့နယ်အတွင်းက ဒေသခံပြည်သူများမှာ ကြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိက စိုက်ပျိုးလုပ်ကိုင်ကာ ရရှိလာသည့် ကြံများကို တဖက်နိုင်ငံ တရုတ်ဘက်ခြမ်းသို့ ရောင်းချကြခြင်း ဖြစ်သည်။
သို့သော်လည်း COVID-19 စည်းကမ်းသတ်မှတ်ချက်များအရ နယ်စပ်ဂိတ်များ ပိတ်လိုက်သည့်နောက် ယခင် ၂၀၂၁ ခုနှစ်မှစတင်၍ ၂၀၂၂ ခုနှစ်အထိ ကြံဝယ်ယူမှု ရပ်တန့်သွားရာ အများစုမှာ အရှုံးပေါ်ခဲ့ကြသည်။ နယ်စပ်ရှိ ကြံစိုက်ခင်းများကို ၂၀၂၂ ခုနှစ်တွင် အခင်းလိုက် မီးရှို့ရှင်းလင်းခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
ဦးတန်ဂွန်း က “ကျနော်တို့ ဒီနယ်မြေမှာက ကြံမလုပ်စားချင်ရင်လည်း တခြား အစားထိုးသီးနှံ လုံးဝမရှိတဲ့ အတွက်ကြောင့် ဒီကြံဈေးပေါရင်လည်း ဈေးပေါသလို ဒီကြံပဲ လုပ်နေကြတာ။ မလုပ်ချင်ရင်လည်း လုပ်နေကြ တာ” ဟု ပြောသည်။
ကြံစိုက်ခင်းများတွင် အသုံးပြုရသည့် မြေဩဇာ၊ ပိုးသတ်ဆေး အပြင် အခြားသော အသုံးအဆောင်ပစ္စည်းများ သည် နယ်စပ်ကုန်သွယ်ရေး ဂိတ်များတွင် တင်းကြပ်ထားသည့် အခြေအနေများကြောင့် သယ်ယူရသည့် စရိတ် များလည်း ယခင်ကထက် အဆမတန် ထိုးတက်လာသည်ဟု ဆိုသည်။
ထို့ကြောင့် ကြံစိုက်ခင်းများတွင် ထည့်ရမည့် မြေဩဇာများ၊ ပိုးသတ်ဆေးများ ယခင်ကကဲ့သို့ မထည့်နိုင်သော ကြောင့် ကြံအထွက်နှုန်းလည်း လျှော့နည်းလာသည်မှာ ၂၀၂၂ ခုနှစ်ကတည်းက ဖြစ်သည်ဟု ဦးတန်ဂွန်းက ပြော သည်။ ယခင်က ကြံအထွက်နှုန်းက ပုံမှန် ၆ တန်နှင့် ၇တန်ကြားထွက်သည့် အခင်းများမှာ ၂၀၂၂ ခုနှစ်တွင် ကြံ တန်ချိန် ၃ တန် နှင့် ၄တန်ကြားသာ ထွက်ရှိတော့သည်ဟု ဆက်ပြောသည်။
ထို့အပြင် နယ်စပ်ဂိတ်များတွင် ပေးဆောင်ရသည့် အခွန်အခများလည်း ယခင်ကထက် တက်လာသည့်အပြင် ကြံ စိုက်/ခုတ် အလုပ်သမား နေ့စားခများလည်း အတက်သာရှိနေသည်ဟု ဆိုသည်။
လွယ်ဂျယ်မြို့နယ်အတွင်းက ဆွတ်ငိုင် (မိုင်ဘတ်) ကျေးရွာသည် တရုတ်နယ်စပ်ရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ကြံကို အဓိကထား စိုက်ပျိုးကာ တရုတ်နိုင်ငံဘက်ခြမ်းက ကြံဝယ်ယူသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အဓိက ရောင်းဝယ်ကြသည်။
ဓါတ်ပုံ – ပုံဟောင်း