ပြည်နယ်အတွင်း ပါတီအဖြစ် မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။

ပြည်နယ်တွင် စည်းရုံးမည့် ပါတီအဖြစ် မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်မည်ဟု ပါတီခေါင်းဆောင်များက ပြော သည်။

စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု၌သာ စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်နေသည်ဟု မွန်ညီညွတ်ရေးပါတီ ခေါင်း ဆောင်များက ပြောသည်။

မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး နိုင်စံတင်က “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးနိုင်တဲ့ ပါတီအနေနဲ့ ဖွဲ့စည်းနိုင်‌တော့မှာ မဟုတ်‌တော့ဘူး။ ကျနော်တို့ အနေ နဲ့က ပြည်နယ်တစ်ခု အတွင်းမှာပဲ စည်းရုံးနိုင်မယ့် ပါတီအနေနဲ့ ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီများအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမည်ဖြစ်ပြီး မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်း ပြီးသား ဖြစ်သည်ဟု ပြဌာန်းပါရှိသည်။

ဥပဒေသစ် ပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ခွင့်ပြုသည့် နေ့ရက်မှစတင်၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး တစ်သိန်း စည်းရုံးရမည် ဖြစ်သည့်အပြင် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည် ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စု တစ် ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီ့ရုံးများ ဖွင့်လှစ်ရမည်ဟု ပါရှိသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ ပြဌာန်းချက်သည် မွန်ညီညွတ်ရေးပါတီအတွက် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် ရပ်တည်ရန် အခက်အခဲရှိသည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး နိုင်စံတင် က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲများက ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးသည့် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမည်ဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခုတွင် ငွေစာရင်း ဖွင့်ထားပြီးကြောင်း အထောက်အထားရှိရမည်ဟု ပြဌာန်းပါရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ခွင့်ပြုသည့်နေ့မှ စတင်၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် များအားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်မည်ဟု ပြဌာန်းပါရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ရွေးကောက်ပွဲ၌ စည်းရုံး ရမည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ (တိုင်းရင်းသားလူမျိုး) လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒ နယ် အပါအဝင် အနည်းဆုံး မဲဆန္ဒနယ် တစ်နယ်တွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်း မရှိပါက ပါတီ ဆက်လက် ရပ် တည်ခွင့်မရှိဘူးဟုလည်း ပြဌာန်းထားသည်။

မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ် ၁၂ ဦး အနိုင်ရရှိထားခဲ့သည့် ပါတီဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ညီညွတ်ရေးပါတီဝင် အချို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် အဖြစ် ပါဝင်ခဲ့သည့်အတွက် ဝေဖန်မှုများ ခံနေရသည်။