မြေမြုပ်မိုင်းကြောင်း အရပ်သား တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။
မြေမြှုပ်မိုင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်၊ ဘားအံမြို့နယ် ဝဲပျံကျေးနယ်က အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
KNU သထုံခရိုင်၊ ဝဲပျံကျေးနယ်တွင် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF မိတ္ထီလာ စခန်း တပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု KNU သထုံခရိုင်ဘက်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။
KNU သထုံခရိုင်က “BGF တပ်ဖွဲ့ဝင်များသည် ၎င်းတို့စခန်းပတ်လည်တွင် မြေမြုပ်မိုင်းများ ထောင်ထားမှု ကြောင့် ဒေသခံရွာသားတွေ မိုင်းနင်းမိကာ တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု ထုတ်ပြန် ပြောဆိုထားသည်။
ကရင်နယ်ခြားစောင့်တပ် BGF မိတ္ထီလာ စခန်းတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းနင်းမိပြီး ဖေဖော်ဝါရီ ၆ ရက် နေ့က မိတ္ထီလာကျေးရွာနေ အသက် ၅၅ နှစ်အရွယ် စောတာလာကွေး သေဆုံးသွားခဲ့သည်ဟု KNU သထုံရိုင်က သည်။
ထို့အပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း မိတ္ထီလာကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဒေါ်နော်ငယ် ဆိုသူ မိုင်းနင်းမိကာ ဘယ်ဘက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
BGF မိတ္ထီလာစခန်းသည် တပ်ရင်းမှူး-ဗိုလ်မောင်ချစ် ဦးစီးသည့် BGF တပ်ရင်း ၁၀၁၄၊ တပ်ခွဲ (၂) တပ်စခန်း တစ်ခုဖြစ်သည်။
မိတ္ထီလာစခန်းရှိ BGF တပ်ဖွဲ့ဝင်များသည် စခန်းအနီးတဝိုက်တွင် မြေမြုပ်မိုင်းများ ထောင်ထားကြောင်းလည်း KNU သထုံခရိုင်က ထုတ်ပြန်ပြောဆိုထားသည်။
“မြေမြုပ်မိုင်းကြောင့် KNU သထုံခရိုင်အတွင်းက ဆိတ်၊ ကျွဲနဲ့ နွားမွေးမြူပြီး အသက်မွေးဝမ်းကြောင်းပြု နေရ တဲ့ ဒေသခံတွေ ကြောက်လန့်ပြီး အခက်ကြုံတွေ့နေကြရတယ်” ဟုလည်း KNU သထုံခရိုက်က ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် KNU သထုံခရိုင်အတွင်းက ကျိုက်ထိုမြို့နယ်ဘက်တွင်လည်း မြေမြုပ်မိုင်းနင်းမိသည့် ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသခံများအကြား သွားလာ လုပ်ကိုင်စားသောက်ကြရန် စိုးရိမ်ထိတ်လန့် နေကြရသည်ဟု ဒေသခံများက ပြောသည်။
အလားတူ စစ်ကောင်စီ ကင်းစခန်းများချထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာ အနီးဝန်း ကျင်တွင်လည်း ဇန္နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေသခံ ၃ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြသည်။
ဓာတ်ပုံ – ပုံဟောင်း