စစ်ကောင်စီယာဉ်တန်းကို ရေဖြူတွင် မိုင်းဆွဲ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
ဖေါကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF သတင်းထုတ်ပြန်ထား သည်။
ရေဖြူမြို့နယ်၊ ရေး-ထားဝယ် ကားလမ်းပေါ်ရှိ မိုင်တိုင် ၂၂ အနီး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန် ခန့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ဒေသခံတစ်ဦးက “အလောင်းတွေကို သူတို့စစ်ကားတွေနဲ့ပဲ ကလိန်အောင်ဘက် သယ် သွားတယ်။ ခြေလက်ပြတ်ပြီး ဒဏ်ရာ ပြင်းထန်တဲ့သူတွေကိုတော့ မောရဝတီ ရေတပ်ဘက် နေရာခွဲပြီး သယ် တယ်။ အဲ့ဒီအနားက ကျောက်ထုတ်လုပ်ငန်းက အလုပ်သမားတွေကို ကူပြီး ကားပေါ်တင်ခိုင်းပါတယ်” ဟု ပြော သည်။
တိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF နှင့် Mine Force PDF မဟာမိတ်တို့ ပူးပေါင်း ကာ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု YPPDF အဖွဲ့က ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ကြေညာ ချက် အမှတ် ၂/၂၀၂၃ ဖြင့် သတင်းထုတ်ပြန်ထားသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီ ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ် မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၄၀ မမ၊ ၆၀ မမ ဗုံးသီးများဖြင့် အဆက်မပြတ် အသုံးပြု ပစ်ခတ်ခဲ့သော်ညလ်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဘက်တွင် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု YPPDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ က ဆိုသည်။
လက်လုပ်မိုင်း ထိမှန်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိ သွားခဲ့သည့်အပြင် စစ်ကားတစ်စီးလည်း တိမ်းမှောက်ပျက်စီးသွားသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။
မိုင်းဆွဲတိုက်ခိုက် ခံရမှုကြောင့် တိမ်းမှောက်သွားသည့် ကားကို စစ်ကောင်စီတပ်မှ နောက်တစ်ရက် နံနက်ပိုင်း တွင် ဘက်ဖိုးကားဖြင့်လာရောက် ထောင်မတ်ထားခဲ့သော်လည်း ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်းအချိန်ထိ သယ်ယူသွားခြင်းမျိုး မရှိသေးဘူးဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီ၏ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းသာ ဖြစ် ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝသက်ဆိုင်မှု မရှိပါကြောင်းကိုလည်း YPPDF ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။