ကချင် စစ်ရှောင်တချို့ နေရပ်ပြန်ရန် စီစဉ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။
ဝိုင်းမော်မြို့နယ်၊ မိုင်းနားစစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများ ဖေဖော်ဝါရီလကုန်တွင် နေရပ်ပြန်ရေးစီစဉ်နေပြီ ဟု စစ်ရှောင်များက ပြောသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာက စစ်ရှောင်စခန်းတွင် နေထိုင်နေကြသည့် စစ်ရှောင်ပြည်သူ ၃၇၀ ကျော် နေရပ်ပြန်ရေး စီစဉ်နေကြခြင်း ဖြစ်သည်။
မိုင်းနားစစ်ရှောင်စခန်း ဒု-တာဝန်ခံ ဦးလွမ်းဇောင်းက “သူတို့စစ်ရှောင်တာ ၁၀နှစ် ရှိပြီဆိုတော့ အိမ်ထောင်မှာ စားဝတ်နေရေးက အစပေါ့နော်။ အစစအရာရာ မလုပ်လာနိုင်တာ နောက်ကျတာတွေ အများကြီး ရှိတာပေါ့။ ဒါကြောင့် နေရပ်ပြန်လို့ရှိရင် ကိုယ့်မြေ ကိုယ့်မြေကွက် ကိုယ့်အိမ်ရှိတယ်ဆိုတော့ ဟိုမှာ လုပ်ကိုင်စားသောက် ပြီး နေရင်တော့ တောထဲမှာ နေရင်လည်း ကိုယ့်မိသားစုအတွက် အလိုလိုနေရင်း အဆင်ပြေနေတာပေါ့။ ဒါကြောင့် မပြန်ရင်မဖြစ်ဘူး ဆိုပြီး ကိုယ့်ဟာကို ဆုံးဖြတ်ပြီး ပြန်တဲ့အကြောင်း ဟုတ်တယ်” ဟု ပြောသည်။
ဂါးရာယန်စစ်ရှောင်များ နေရပ်ပြန်လည်နေထိုင်ရေးမှာ မိမိသဘောဆန္ဒနှင့်သာ ပြန်လည်နေထိုင်ရန် ဆုံးဖြတ်ကြ ခြင်း ဖြစ်ပြီး ဘာသာရေး အဖွဲ့အစည်းများက ကူညီပေးမည်ဟု ဆိုသည်။ ယခုနေရပ်ပြန်ရေး သက်ဆိုင်ရာ အစိုးရ ဌာန ဆိုင်ရာများက တစ်စုံတစ်ရာ အမိန့်ပေးခြင်း စီစဉ်ပေးခြင်းမျိုးမရှိဟု စစ်ရှောင်ပြည်သူများက ပြောသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နေရပ်ပြန်နိုင်ရေး စီစဉ်နေကြသည့် စစ်ရှောင်များမှာ ဂါးရာယန်ကျေးရွာမှ မိုင်းနား စစ်ရှောင်စခန်းသို့ စစ်ဘေးတိမ်းရှောင်လာကြသူများ ဖြစ်သည်။
နေရပ်ပြန်ချိန် စစ်ရှောင်များ စိုးရိမ်သည့်အချက်များထဲက တစ်ချက်မှာ လုံခြုံရေးပိုင်း ဖြစ်သည်ဟု စစ်ရှောင်များ က ဆိုသည်။
နေရပ်ရင်းရွာကို ပြန်မည့် စစ်ရှောင် အမျိုးသမီးတစ်ဦးက “ကြောက်တာတော့ အများကြီး ကြောက်တာပေါ့။ ကျမတို့ မိန်းမသားတွေ အနေနဲ့ဆိုလည်း အမျိုးမျိုး ကြောက်နေရတယ်။ ဗမာစစ်တပ်ဘက် ဆိုရင်လည်း ကြောက်နေရတယ်။ ကချင်လွတ်လပ်ရေးဘက် ဆိုရင်လည်း ကြောက်တာပဲ။ တကယ်လို့ ပြန်လာ ဖြစ်ရင် လည်း အပြင်မထွက်ရဲလောက်အောင်ကို ကြောက်နေကြရမှာပဲ” ဟု ပြောသည်။
နေရပ်ပြန်ရေးနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် မတိုင်ခင်က စစ်တပ်မှ မိုင်းရှင်းလင်းရေး လုပ်ဆောင်ချက်များ ပြုလုပ် ထားပေးပြီး ဖြစ်သော်လည်း မျှောင်လင့်မထားသော အခြားဘေးအန္တရာယ်များ ကျရောက်နိုင်ခြင်းကြောင့် စိုးရိမ် မှုများ ရှိနေသည်ဟု စစ်ရှောင်များက ဆိုသည်။
ဦးလွမ်းဇောင်းက “လုံခြုံရေးနဲ့ ပတ်သက်ပြီး အခုလောလောဆယ် အခြေအနေ အရဆိုရင် ဘယ်မှာမဆိုပေါ့ တောရွာ မြို့ရွာမဆိုပေါ့။ ဘယ်မှာမဆို လုံခြုံရေးနဲ့ ပတ်သက်ပြီး လုံးဝလုံခြုံတဲ့နေရာ မရှိသလောက်ပေါ့ ကျနော်တို့ မြန်မာနိုင်ငံမှာ။ တစ်နိုင်ငံလုံးပေါ့ အဲ့လိုဖြစ်နေတဲ့ အခါကြတော့ စစ်ရှောင်တွေအတွက်လည်း စခန်း မှာနေသော်လည်း စိုးရိမ်နေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ချိန်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ ပြောလို့ မရ ဘူး။ အဲ့လို အခြေအနေမှာ ရောက်နေတာ။ ဒါကြောင့်မို့လို့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ နေရပ်ပြန်တဲ့ သူတွေလည်း လုံခြုံပြီဆိုပြီးမှ ပြန်တာမဟုတ်ဘူး။ ကျနော်တို့ စခန်းအတွင်းမှာ ရှိတဲ့ သူတိုင်းကလည်း အဲ့လို ပါပဲ” ဟု ပြောသည်။
နေရပ်ပြန်ချိန် ရပ်ရွာအတွင်းနှင့် လုပ်ကိုင်စားသောက်မည့်နေရာများတွင် စစ်လက်ကျန်မိုင်းများ ပေါက်ကွဲခြင်း၊ ရွာသားများကို နှစ်ဖက်လက်နက်ကိုင်များက ဖမ်းဆီးခြင်း၊ စစ်တပ်နှင့် KIA အကြား ရွာသားများကြားညှပ်ကာ နှိပ်စက်ခံရနိုင်ခြင်း၊ တိုက်ပွဲများ ထပ်မံဖြစ်ပွားခြင်းများ ရှိလာနိုင်သည့် အတွက် စိုးရိမ်မှုများရှိသည်ဟု စစ်ရှောင် များက ဆိုသည်။
သို့သော်လည်း စစ်ရှောင်စခန်းများတွင် ဆယ်စုနှစ်တစ်ခုကျော်အကြာ နေထိုင်လာပြီးနောက် ကြုံနေရသည့် အခက်အခဲများ၊ သားသမီးများ၏ ပညာရေးအပြင် ၁၀ နှစ်ကျော်အကြာ ထွက်ပြေးချန်ထားခဲ့ရသည့် မိမိတို့ ကျေးရွာကို ပြန်လည်ဖွဲ့စည်းထူထောင်နိုင်ရေး ရည်ရွယ်ချက်များကြောင့် အခက်အခဲအမျိုးမျိုးကြားက နေရပ်ပြန်ကြရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။
လက်ရှိ နေရပ်ရင်းရပ်ရွာကို ပြန်ကြမည့် စစ်ရှောင်များ၏ နေအိမ်များကို UNHCR နှင့် နီပွန် ဖောင်ဒေးရှင်းတို့က ပူးပေါင်းပြီး ကူညီဆောက်လုပ် ပြီးစီးထားပြီး ဖြစ်ကြောင်းနှင့် အချို့နေအိမ်များမှာ ဆောက်လုပ်နေဆဲဟု ဆို သည်။
လက်ရှိ နေရပ်ပြန်နေထိုင်ရန် စီစဉ်နေသော ဂါးရာယန်စစ်ဘေးရှောင် ပြည်သူများမှာ အိမ်ထောင်စု ၆၇ စု၊ လူဦးရေမှာ ကျား ၁၈၉ ဦး၊ မ ၁၈၈ ဦး၊ စုစုပေါင်း လူဦးရေ ၃၇၇ ဦး ဖြစ်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးလူငယ် များစွာပါဝင်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
မိုင်းနားစစ်ရှောင်စခန်းတွင် လက်ရှိ အိမ်ထောင်စု ၅၀၀ ကျော် ရှိပြီး၊ လူဦးရေ ၂၀၀၀ ကျော် နေထိုင်သည်။
အဆိုပါစစ်ရှောင်စခန်းတွင် ဂါးရာယန်၊ ခါ့စူး၊ ဒဘတ်၊ ဂျာပူနှင့် အောင်ဂျာ စသည့်ကျေးရွာများအပြင် အခြားသော ကျေးရွာအသီးသီးမှ ပြည်သူများက စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ၂၀၁၁ ခုနှစ်က တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်သည်။
၎င်းတို့အနက်မှ ဂါးရာယန်ကျေးရွာမှ စစ်ရှောင်များ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နေရပ်ရင်းသို့ ပြန်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။