စစ်ယာဉ်တန်း သပိတ်ကျင်းတွင် မိုင်းဆွဲ တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။
စစ်ကောင်စီတပ် ယာဉ်တန်း သပိတ်ကျင်းမြို့နယ်ထဲတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ သည်ဟု တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
စစ်ကောင်စီ တပ်သား အယောက် ၁၀၀ ခန့်ပါသည့် ၆ ဘီးကား ၃စီးပါ စစ်ကြောင်းကို သပိတ်ကျင်းမြို့နယ်ထဲ တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။
တကောင်း ပကဖ တာဝန်ရှိသူက “တကောင်းမြို့ထဲနေ 4 wheel ကားနဲ့၊ လူနာတင်ကားတွေ ထွက်လာပြီး ထိ ခိုက် ဒဏ်ရာရသူတွေကို လာသယ်သွားတယ်။ အလောင်းလာ ကောက်သွားတယ်” ဟု ပြောသည်။
သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ပေါ်တော်မူကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၅ နာရီ၊ ၂၀ မိနစ် အချိန်ခန့်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တကောင်း ပကဖ တာဝန်ရှိသူက ဆိုသည်။
မြတောင်ကျေးရွာဘက်မှ မန္တလေးဘက်ကို ဆင်းလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ရှေ့ထွက်မိုင်း ၃ လုံး၊ ပဒေသာမိုင်း ၂ လုံး စုစုပေါင်းမိုင်း ၅ လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားသည်ဟု ဆိုသည်။
မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် စစ်ကားနှစ်စီးပေါ်က အခြားစစ်သားများကလည်း လက်နက်ကြီး/ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သေးသည်ဟု တကောင်း ပကဖ တာဝန်ရှိသူများက ပြောသည်။
ထိုသို့ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိ စုံစမ်းနေသည်ဟု တကောင်း ပကဖ တာဝန်ရှိသူများက ပြောသည်။