မိုးကုတ်ရဲတစ်ဦး သေနတ်ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။
မိုးကုတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသည်ဟု ဒေသခံ များက ပြောသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အရှေ့ပိုင်း စျေးသစ်ရပ်ကွက်၊ နီလာစျေးကြီးအနီးမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သေနတ်နှင့် ပစ်ခတ်ခံခဲ့လိုက်ရခြင်း ဖြစ်သည်။
နီလာစျေးကြီးအနီးက ဒေသခံတစ်ဦးက “သုံးချက်ပစ်သွားတာတဲ့၊ လက်မောင်းနဲ့ ကျောကုန်းထိသွားတယ်။ ကလေးပါလို့ မသေတာတဲ့” ဟု ပြောသည်။
ပစ်ခတ်ခံရသူမှာ မိုးကုတ်မြို့ရှိ အချုပ်ထောင်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သေနတ်နှင့် သုံးချက်ပစ်ခတ်ခံလိုက်ရသော်လည်း အဆိုပါ ရဲတပ်ဖွဲ့ဝင်မှာ အသက်အန္တရာယ် မစိုးရိမ်ရဟု မြို့ခံ အချို့က ဆိုသည်။
မြို့ခံတစ်ဦးက “မြို့ထဲမှာ တော်တော်လေးကို ငြိမ်တယ်။ စစ်ကောင်စီ ဘက်ကလည်း အရပ်ဝတ်နဲ့ ကင်းပုန်းဝပ် တာကလွဲလို့ တခြားလုပ်ဆောင်မှုမရှိဘူး။ မြို့တွင်းအခြေနေကပုံမှန်ပဲ။ စစ်ဆေးတင်းကြပ်တာမျိုး မရှိဘူး။ တချို့ ဆို ပစ်ခတ်မှုဖြစ်သွားတာတောင်မသိကြဘူး” ဟု ပြောသည်။
မိုးကုတ်မြို့အတွင်း ကာလကြာရှည် ရပ်တန့်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှုမှာလည်း ယခုရက်ပိုင်း လှုပ်ရှားမှုအချို့ ရှိနေသည့်အတွက် ၎င်းတို့အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံအချို့က ဆိုသည်။
အလားတူ ပတ္တမြားမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုးကုတ်မြို့ စျေးကြီးအနီးတွင် ဒုရဲအုပ်အသွင်ယူထားသူ တစ်ဦးကို သေနတ်နှင့် သုံးချက်ပစ်ခတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ပတ္တမြားမြေ-PDF (ပကခ-မိုးကုတ်) က “မိုးကုတ်မြို့နယ် စျေးကြီးအနီးတွင် အသွင်ယူထားသော ဒုရဲအုပ်ဆိုသူ အား မိုးကုတ်မြို့နယ်ပကဖမှ 11:05 AM အချိန်တွင် ပစ်ခတ်ခဲ့ပါတယ်။ ပစ်တာတော့ သုံးချက်ပါ။ ဆိုင်ကယ်ပေါ် က ပစ်ရတာဆိုတော့ ထိခိုက်မှုကိုတော့ မသိရဘူး။ ရဲဆိုတာတော့ သေချာတယ်။ ဘာလို့ဆို သူ့ကို စစ်ဆေးရေး ဂိတ်တွေမှာ တွေ့ဖူးတယ်။ ပြည်သူတွေကို လူလို မဆက်ဆံဘဲ အမြဲရိုက်နှက်နေတဲ့ကောင်ပါ။ လက်မောင်း တစ် ချက် ကျောကုန်း တစ်ချက်” ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် ပတ္တမြားမြေ-PDF (ပကခ-မိုးကုတ်) က ပြည်သူများအနေဖြင့် စစ်ကောင်စီ အပေါင်းအပါများနှင့် ဝေးဝေးနေကြ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပေါင်းအသင်း မလုပ်ကြရန်လည်း ထုတ်ပြန်တိုက်တွန်းထား သည်။