တရုတ် နယ်စပ်ပို့ သစ်သီးများ ဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မှ တရုတ်ဘက်သို့ တင်ပို့နေသည့် မြန်မာ့ဖရဲနှင့် သခွားမွှေးသီးများ ဝယ် လိုအား မြင့်နေသောကြောင့် ဈေးတက်လာနေသည်ဟု နယ်စပ် သစ်သီးကုန်သည်လုပ်ငန်းရှင်များက ပြောသည်။
တရုတ်နိုင်ငံဘက်တွင် ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်၍ COVID-19 ရောဂါ စည်းမျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက်များ ဖြေလျှော့လိုက်သည့် နောက်ပိုင်း ပို့ကုန် ဖရဲသီးများနှင့် သခွားမွှေးသီးများ သိသာစွာ ဈေးနှုန်းမြင့်တက်လာ ခြင်းဖြစ်သည်။
နယ်စပ်သစ်သီး ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက “တနေ့ကို ဝယ်လိုအား အစီးရေ ရာချီ ရှိတယ်။ ဒါပေမယ့် မြန်မာ ဘက်က ရောင်းလိုအားက အစီး ၈၀ လောက်ပဲ ရှိကြောင့် ဈေးတက်နေတာ” ဟု ပြောသည်။
တရုတ်နိုင်ငံထဲတွင်လည်း ဖရဲစိုက်ပျိုးမှု နည်းပါးနေပြီး တရုတ်နိုင်ငံကို တင်ပို့နေသည့် လာအိုနိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့မှလည်း ဖရဲတင်ပို့မှု နည်းပါးနေသည့်အပြင် မြန်မာနိုင်ငံဘက်ခြမ်းကလည်း ယခင်နှစ်များထက် ယခုနှစ် ဖရဲသီးနှင့် သခွားမွှေးသီးတွေ တင်ပို့မှုနည်းနေပါးနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိတွင် ဖရဲသီးများ၏ ပေါက်ဈေးသည် တစ်တန် အလုံးရေ ၈၀ နှင့် ၁၀၀ ဝန်းကျင်ကို မြန်မာငွေ ၁၄ သိန်းကျော်နှင့် ၁၈ သိန်းကျော်ကြား ရှိပြီး ကားတစ်စီးတွင် ၁၆ တန်ခွဲ အထိပါရှိသည်။
ယခင်နှစ်ထဲတွင် ဝယ်လိုအားမြင့်လာပြီး ရောင်းလိုအားနည်းနေချိန်တွင် ယခုကဲ့သို့ ဈေးကောင်း ရနေသော်လည်း ၂၀၂၂ ခုနှစ်တွင် တရုတ်ဘက်သို့ တင်ပို့သည့် ဖရဲသီး၊ သခွားသီး အများအပြား COVID-19 ကပ်ရောဂါ သတ်မှတ် ချက်များကြောင့် တင်ပို့ရန်ခက်ခဲပြီး ကြန့်ကြာမှုကြောင့် များစွာ ဆုံးရှုံးမှုဖြစ်ခဲ့ကြရသည်။
ထို့ကြောင့် ယခုနှစ်တွင် စိုက်ပျိုးရဲသည့် တောင်သူ နည်းပါးနေသလို နိုင်ငံရေးအခြေအနေအပြင် ကုန်သွယ်ရေး အခြေအနေ ပြောင်းလဲမှု အမျိုးမျိုးကြောင့် ဖရဲ စိုက်ပျိုးတောင်သူများ နည်းပါးပြီး ဓာတ်မြေဩဇာ အပါအဝင် စိုက်ပျိုးသည့် စရိတ်ကုန်ကျမှုများသဖြင့် အရင်းအနှီး ထည့်စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများသာ ယခုကဲ့သို့ ဈေးနှုန်းနှင့် ရောင်းရနေခြင်း ဖြစ်သည်ဟု တောင်သူများက ပြောသည်။
ဖရဲစိုက်တောင်သူတစ်ဦးက “စိုက်တဲ့ တောင်သူတွေလည်း သိပ်မရှိဘူး။ စိုက်နိုင်တဲ့ တောင်သူတွေပဲ အခုလို ဈေးကောင်းရတာ” ဟု ပြောသည်။
ယခုနှစ် ဇန္နဝါရီလ ၃၀ ရက်နေ့တွင် ဖရဲ 855 အမျိုးအစား တစ်ကီလိုဂရမ်ကို ၄.၁ ယွမ် (၁၆၀၀ ကျပ်ဝန်းကျင်)၊ ထျဲန်းဝမ် အမြင့်ဆုံး ၄.၃ ယွမ် (၁၇၀၀ ကျပ်ဝန်းကျင်)၊ သခွားမွှေး တစ်ကီလိုဂရမ်ကို ၄.၇ မှ ၅.၁ ယွမ် (ကျပ် ၁၉၀၀ – ၂၀၀၀ ကျော်) ပေါက်ဈေးရှိခဲ့ရာသည်။
သို့သော် ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် ဖရဲ 855 အမျိုးအစား တစ် ကီလိုဂရမ်ကို အမြင့်ဆုံးဈေး ၄.၈ ယွမ် (၂၀၀၀ ကျပ် ဝန်းကျင်)၊ သခွားမွှေး တစ်ကီလိုဂရမ်ကို အမြင့်ဆုံး ၇.၉ ယွမ် (၃၂၀၀ ကျပ်ကျော်)နှင့် ထျဲန်းဝမ် အစီးပြတ် အမြင့်ဆုံးဈေး ယွမ် ၉၀၀၀၀ မှ ၉၅၀၀၀ (ကျပ်သိန်း ၃၆၀ ကျော်နှင့် ၃၈၀ ဝန်းကျင်) ကြားအထိ ဈေးရနေရသည်ဟု နယ်စပ်သစ်သီးကုန်သည်များက ပြောသည်။
လတ်တလောတွင် တရုတ်ဘက်၌ ဝယ်လိုအားမြင့်တက်နေဆဲ ဖြစ်သောကြောင့် ဈေးဆက် ထိန်းထားနိုင်မည့် အခြေအနေ ဖြစ်ပြီး တစ်ပတ်ခန့်ကာလအတွင်း ဈေးဆိုးဆိုးဝါးဝါး ပြောင်းလဲသွားမည့် အခြေအနေမျိုး မရှိဘူးဟု နယ်စပ် သစ်သီးကုန်သည် လုပ်ငန်းရှင်းများက ပြောသည်။
Photo Crd – MK