ရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်.

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ဝက်ကော်ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

မင်းတုန်းမြို့နယ်ရှိ ဝက်ကော်ကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ နေအိမ်၌ရှိနေသည့် အုပ်ချုပ်ရေးမှူးအား အမည် မသိ လက်နက်ကိုင် အမျိုးသား ၄ ဦးက ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာ၏တောင်ဘက် တစ်မိုင်ခန့်အကွာ ဆင်ဖြူကန်ကြောတွင် သတ်ဖြတ်လိုက်သည်ဟု နီးစပ်သူများက ပြောသည်။

၎င်းနှင့် နီးစပ်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးက “ဆိုင်ကယ်နဲ့ လူ ၄ ယောက်ရောက်လာပြီး လက် ပြန် ခြေပြန် ကြိုးနဲ့ချည်တုပ်ပြီး ခေါ်သွားတာ။ သိရသလောက်ပေါ့နော် ဒလန်တော့ မဟုတ်ပါဘူး။ ပျူစောထီး ထဲလည်း မပါဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးဆိုတော့ စစ်တပ်နဲ့ ပေါင်းရတဲ့ အပိုင်းတွေတော့ ရှိတာပေါ့။ သတ် ပြီး တော်တော်ကြာမှ တွေ့တဲ့လူတွေက အိမ်ခေါ်လာတော့ ခေါင်းပြတ်နေပြီ။ ခေါင်းပြတ်တဲ့ နေရာကို ကြည့်ရ တာတော့ အကြိမ်ကြိမ် ခုတ်ထားပုံပဲ” ဟု ပြောသည်။

သတ်ဖြတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးမှာ အသက် ၅၉ နှစ် အရွယ် ဦးမြင့်အောင် ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ကျေးရွာနေ ပြည်သူ များက ပြောသည်။

၎င်းသေဆုံးပြီးသည့်နောက် ဝက်ကော်ကျေးရွာတွင် စစ်ကောင်စီတပ်များမှ အစစ်အဆေး တင်းကြပ်ခဲ့ပြီး ရွာအဝင်အထွက် နေရာများတွင်လည်း လှည့်ကင်းများ ချထားသည်ဟု ဆိုသည်။

၎င်းသတ်ဖြတ်ခံရခြင်းနှင့် စပ်လျဉ်း၍ မင်းတုန်း PDF အား ဆက်သွယ် မေးမြန်းရာတွင်လည်း “ဒီကိစ္စတော့ ကျ နော်တို့ လုပ်တာ မဟုတ်ဘူး။ ပကဖ၊ PDF တွေ လက်ချက်လို့လည်း မကြားမိသေးဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အချင်းချင်း အချိတ်အဆက် ရှိတယ်။ တစ်ခုဖြစ်နိုင်တာက လုပ်တဲ့အဖွဲ့က မထုတ်ပြန်ချင်တာ ဖြစ် နိုင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပြန်ဖို့ နောက်ကျတာလည်း ဖြစ်နိုင်တာပဲ” ဟု ပြောသည်။

မကွေးတိုင်းတွင် မင်းတုန်း PDF၊ စလင်း PDF၊ ယော PDF (YDF)၊ ကျောက်ထု PDF၊ မကွေးတိုင်းတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့အပါအဝင် အဖွဲ့ပေါင်း ၂၀ ကျော် စစ်ရေး လှုပ်ရှားလျက်ရှိပြီး ယခု သတ်ဖြတ်မှုအား မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ခြင်း မရှိသေးချေ။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံပျူးစောထီးအဖွဲ့ဝင်များလည်း လှုပ်ရှားသွား လာလျှက်ရှိသည်။

သတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးအား စစ်ကောင်စီနှင့် အမှန်တကယ် ပတ်သက်ဆက်နွယ်ခြင်း ရှိ/ မရှိနှင့် မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ယက် အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကုန်းဘိုကျေးရွာတွင် တောင်ယာလုပ်ကိုင်နေသည့် ကိုကျော်လွင် ဆို သူမှာလည်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ၎င်း၏ နေအိမ်၌ ရှိနေစဉ် အမည်မသိ လက်နက်ကိုင် အမျိုးသား ၄ ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးခေါင်းပွင့်ထွက်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထိုသတ်ဖြတ်မှုကိုလည်း မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပဲ သတင်းနှင့် မီဒီယာကွန်ယက် အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခိုင်မင်း ဆိုသူသည်လည်း ၁၀ ရက်အတွင်း ၂ ကြိမ်တိုင်တိုင် လုပ်ကြံခံရပြီးနောက် သေဆုံးခဲ့သည်။