ရှမ်းမြောက်တွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တာမိုးညဲမြို့၊ နမ်ကန်လုံကျေးရွာအုပ်စု၊ နောင်ဟွယ်ကျေးရွာရှိ ဘုန်ကြီးကျောင်းဝန်းထဲတွင် လက်နက်ကြီး ကျ ရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ကွတ်ခိုင်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက “ဖြစ်စဥ်က မနေ့ည နောင်ဟွယ်ကျောင်းမှာ ပွဲတွေလုပ်ကြတာလေ။ ရေစက်ချပွဲနဲ့ ရှင်ပြုပွဲလုပ်နေချိန်မှာ ညဆယ့်နှစ်နာရီအချိန်က ဘယ်ကနေ ဘယ်လို လက်နက်တွေ ပစ်လာတာ လဲ မသိဘူး။ ပွဲအတွင်းထဲမှာ လာကျတော့ လူနှစ်ယောက် ထိသွားတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညပိုင်း ၁၂ နာရီချိန်မှာ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျေးရွာခံ ၂ ဦးသည် ကွတ်ခိုင်မြို့နယ်၊ လွယ်ဝိန်းအုပ်စု၊ နမ်ဝါကျေးရွာခံ မိုင်းအာည်ဟ အသက် (၂၈) နှစ်နှင့် ရှောက်ဟော်အုပ်စု ဆည်းဆာကျေးရွာခံ လွေးနာင်မိုန်း အသက် (၉) နှစ်တို့ ဖြစ်သည်။
မိုင်းအာည်ဟ သည် တင်းပါးတွင် ဒဏ်ရာရရှိခဲ့ပြီး လွေးနာင်မိုန်းမှာလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။
“ထိခိုက်တဲ့သူတွေက ပွဲလာဝင်ကြတဲ့သူတွေလေ။ ပွဲလည်ရင်းနဲ့ အဲလိုမျိုးဖြစ်သွားတာ။ ကလေးမလေးက တာ မိုးညဲ ဆေးရုံမှာ တင်ထားတယ်။ ကျန်တဲ့ ယောက်ကျားလေးက PSLF/ TNLA က ခေါ်သွားတယ်။ တပ်မဟာ (၅) က သူတို့ရှိတဲ့ ဆေးခန်းမှာ သွားကုပေးတာထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ လက်နက်ကြီးဖြင့် လူနေရပ်ကွက်၊ ကျေးရွာများထဲ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများအတွက် လုံခြုံမှုမရှိဘူးဟု ဆိုသည်။
တားမိုးညဲမြို့နယ်အတွင်း စစ်ကောင်စီတပ်အပြင်၊ တအာင်းတပ် (PSLF/TNLA)၊ ကိုးကန့်တပ် (MNDAA)၊ ကချင် (KIO/KIA)၊ ရှမ်းတပ် (SSPP/SSA) တို့ စစ်ရေးလှုပ်ရှားလျှက် ရှိနေသည်။