ရမ်းသန်းပစ်သော လက်နက်ကြီးကြောင့် ဒီးမော့ဆို ဒေသခံ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်။
ကယား (ကရင်နီ) ပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ရမ်း သန်း ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာတွင် အထိုင်ချထားသော ခြေလျင်တပ်ရင်း (ခလရ-၁၀၂) နှင့် ခြေမြန် တပ် ရင်း (ခမရ-၄၂၇) တို့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ည ၇ နာရီ ၄၅ မိနစ် အချိန်မှ စပြီး နာရီဝက်နီးပါး တိုက်ပွဲ ဖြစ် ပွားခြင်း မရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သည်ဟု ဒီးမော့ဆို PDF မှ ပြန်ကြားရေး တာဝန်ရှိ သူများက ပြောသည်။
ဒီးမော့ဆို PDF မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “အဲဒီ မနက်ပိုင်းကတည်းက ဒီးမော့ဆိုမြို့နယ် အရှေ့ ဖက် ခြမ်းကို လက်နက်ကြီးအများကြီး ပစ်တာပေါ့နော်။ ညနေပိုင်းကစပြီး ပစ်တာ ၆ လုံးလောက် ရှိတာပေါ့နော်။ အဲဒီမှာ တစ်လုံးက ကျနော်တို့ စစ်ဘေးရှောင်ပြည်သူတွေ နေအိမ်မှာ သွားကျတော့ အမျိုးသမီးက ဆုံးသွားတာ ပေါ့။ အမျိုးသားနဲ့ သူ့ ညီမကတော့ ဒဏ်ရာပြင်းလို့ ဆေးကုသမှု ခံယူနေတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ အမေ ကတော့ အသက် ၇၀ ရှိပြီ။ သူမြေးနဲ့ ဆော့နေတော့ လွတ်သွားတယ်။ ဒါပေမယ့် သမီးက သူ့အိမ်ထဲမှာပဲ သေ သွားတာ တွေ့ပြီးတော့ အမောဖောက်သွားတာပေါ့နော်” ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုမှာ ထိတွေ့တိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်များက ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခြင်းသာဖြစ်ပြီး ယခင်ကတည်းကလည်း စစ်ဘေးရှောင်များရှိနေသည့် နေရာများကို ကြိမ်ဖန် များစွာ ပစ်ခတ်ဖူးသည်ဟု ဒီးမော့ဆို PDF တာဝန်ရှိသူက ဆက်ပြောသည်။
လက်နက်ကြီးကြောင့် သေဆုံးသည့် အမျိုးသမီးမှာ အသက် ၃၅ နှစ်အရွယ် ဖြစ်ပြီး ၂ လသားအရွယ် ကလေး ငယ် သားတစ်ဦး ကျန်ရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အသက် ၃၈ နှစ်အရွယ် သေဆုံးသူ၏ အမျိုးသား ဖြစ် သူမှာ လက်မောင်းကျိုး ပြင်းထန်ဒဏ်ရာနှင့် အသက် ၂၈ နှစ်အရွယ် ညီမဖြစ်သူမှာ တင်ပဆုံတွင် ပြင်းထန်ဒဏ်ရာ တို့အပြင် အခြားခန္ဓာကိုယ် အစိတ်ပိုင်းများတွင်လည်း ပြင်းထန်ဒဏ်ရာ ရရှိထားသည်ဟု ဆိုသည်။
လတ်တလောတွင် ဒဏ်ရာရရှိထားသူ ၂ ဦးအား ဒီးမော့ဆို PDF မှ လုံခြုံသည့်နေရာတွင် အရေးပေါ် ဆေးကုသမှု ပေးနေပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။
လက်နက်ကြီး ကျရောက်ခဲ့သည့်နေရာမှာ လုံခြုံရေးအရ ပြောခွင့်မရှိဘဲ ထိုနေရာတွင် စစ်ဘေးရှောင် အများစု နေထိုင်ကြသည်ဖြစ်ရာ အနီးအနား ပတ်ပတ်လည်တွင်လည်း စစ်ရှောင်စခန်း တစ်ခုစီရှိသည်ဟု တာဝန်ရှိသူများ က ပြောသည်။ ထိုနေရာတွင် စစ်ဘေးရှောင် စုစုပေါင်း ၁,၀၀၀ ကျော်ခန့် နေထိုင်ကြသည်ဟု တာဝန်ရှိသူများက ပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင် စခန်းများသို့ လက်နက်ကြီးမကြာခဏ ကျရောက်လျက်ရှိသည့်အတွက် ကြို တင်ပြင်ဆင်မှု အချို့ကို လုပ်ဆောင်ထားသော်လည်း လုံခြုံစိတ်ချရသည့် အနေအထားမျိုးတော့ မဟုတ်ဘူးဟု ဒီးမော့ဆို PDF မှ ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။
“၆ ပေ အနက်ရှိတဲ့ ကတုတ်ကျဉ်းတွေ တူးထားဖို့၊ လက်နက်ကြီးအသံ၊ လေယာဉ်သံကြားရင် ကတုတ်ကျင်းထဲ ဝင်ဖို့ အဲလိုနှိုးဆော်စာတွေ ထုတ်ပြန်ထားတာတော့ ရှိတယ်။ ကျနော်တို့ လုပ်နေတာတော့ ဒီလောက်ပဲပေါ့နော်။ စစ်ရှောင်တွေကိုလည်း ကျနော်တို့ သနားပါတယ်။ သူတို့မှာလည်း လက်နက်ကြီးကျလို့ ရှောင်ရတာ ၃-၄ နေရာ ရှိပြီပေါ့။ ပစ်တဲ့နေရာနဲ့ ထိတဲ့နေရာကလည်း ၁၀ မိုင်ကျော်ဝေးတယ်။ အဲဒီတော့ စစ်ဘေးရှောင်တွေလည်း ဘယ်မှာနေနေ မလွတ်နိုင်တော့ဘူးပေါ့။”
၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်ထဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုများအပြင် အကြောင်းမဲ့ သတ်ဖြတ်မှုများကြောင့် အရပ်သား ၄ ဦး ပွဲ ချင်းပြီး သေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် လူနေအိမ်များနှင့် စစ်ရှောင်စခန်း ၄ ခု၊ ဘာသာရေး အဆောက်အအုံ ၂ ခုလည်း လက်နက်ကြီးကြောင့် ထိမှန်ပျက်စီးခဲ့သည်ဟု ဒီးမော့ဆို PDF တာဝန်ရှိသူများက ပြောဆိုထားသည်။