ဗူးလေးရာ ဖရုံဆင့်၊ လဲရာ သူခိုးထောင်း
(စစ်အုပ်ချုပ်ရေး ကြေညာချက်က လူထုအပေါ် ဘာတွေ သက်ရောက်စေသလဲ)
အားမီ
သတင်းနှင့် မီဒီယာ ကွန်ရက်အတွက် ရေးသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက မဲဇာရဲစခန်းရှေ့တွင် စိတ်ဝေဒနာ သည် အမျိုးသားတစ်ဦးကို စစ်ကောင်စီ တပ်သားတွေက ပစ်သတ်လိုက်ပါတယ်။
အဖြစ်အပျက်ကို ဒေသခံ လူငယ်တစ်ဦးက ပြန်ပြောပြပါတယ်။
“အဲ့ညက ၁၀ နာရီ ၄၅ မှာ မဲဇာရဲစခန်းရှေ့မှာ ကိုစိုးနိုင်ဆိုတာ အသတ်ခံလိုက်ရတယ်။ အဲ့ဒီလူက နည်းနည်း လေး စိတ်ဖောက်ပြန်နေတာ။ မဲဇာရွာကနေ အလယ်ဆိပ်ရွာကို ပြန်တာ။ ပြန်တဲ့အခါမှာ အဲ့ဒီ မဲဇာရဲစခန်း ရှေ့ ရောက်မှ ပစ်သတ်ခံလိုက်ရတာ။ ကိုစိုးနိုင်က အသက် ၄၅ နှစ်၊ အိမ်ထောင်တော့ မရှိဘူး။ လူပျိုကြီးပေါ့။ အလောင်းကတော့ ပြန်ရပြီ။ သူ့မိသားစုဝင်တွေ ပြန်သွားကောက်လာပြီး သင်္ဂြိုလ်ပြီးသွားပြီ” ဟု ဖေဖော်ဝါရီ လ ၁၀ ရက်နေ့က ဖြစ်စဉ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ပစ်သတ်လိုက်တဲ့သူကတော့ အလယ်ဆိပ်ကျေးရွာသား ကိုစိုးနိုင် ဆိုသူဖြစ်ပြီး၊ စိတ် ဝေဒနာသည် တစ်ဦးဖြစ်ပါတယ်။ မဲဇာကျေးရွာမှ အလယ်ဆိပ်ကျေးရွာကို အပြန်လမ်းမှာ ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ စစ်တပ်က သာမာန်အပြစ်မဲ့ ပြည်သူတွေတင်မဘဲ စိတ်ဝေဒနာရှင်ကိုပါ ပစ်သတ်တဲ့ လုပ်ရပ်ကို ကျူးလွန်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်မှာ စစ်ကောင်စီက လူထု အပေါ် ချိုးဖောက် ကျူးလွန်မှုတွေ ပိုမို ပြင်းထန် ဆိုးရွာလာခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ မနက်ပိုင်း ၁၁ နာရီလောက်မှာလည်း အင်းတော်မြို့နယ်၊ ရိက္ခာကုန်းတပ် (ဂျပန်လှိုဏ် ဂူ) ရှိ စစ်ကောင်စီအဖွဲ့တွေက ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဒေသ ခံ ၄ ယောက် ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ် အဖွားအို ဒေါ်ဒွန်း အပါအဝင် အသက် ၂၄ နှစ်အရွယ် ကိုတင်လင်း၊ အသက် ၃၀ အရွယ် ကိုမျိုးထက်နိုင်နှင့် အသက် ၄၀ အရွယ် မဖြူဆိုသူတို့ လေးဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တာ ဖြစ် ပါတယ်။
အင်းတော်မြို့နယ်ထဲ စစ်အုပ်ချုပ်ရေး မကြေညာခင်ကရော၊ ကြေညာပြီးတဲ့နောက်မှာပါ စစ်တပ်က လူထုကို ဖမ်းဆီးနှိပ်စက်တာ၊ ပစ်ခတ်သတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာ၊ လူထုကို ခြိမ်း ခြောက်ပစ်ခတ်တာ၊ တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေမတည်ငြိမ်မှုဖြစ်အောင် ဖန်တီးတာ၊ နေအိမ်တွေကို မီးရှို့ တာ၊ ပြည်သူပိုင် ပစ္စည်းတွေက သိမ်းယူတာအပြင် လေကြောင်းကနေလည်း မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့ ပေါ်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်ပိုင်း အဖမ်းအဆီး အစစ်အဆေးတွေ ပိုများလာတဲ့ အတွက် ပြည်သူတွေ အထူးဂရုစိုက်ကြဖို့ Indaw Revolution-IR ထုတ်ပြန် သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်း မာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက် နေရာ ဒေသအလိုက် ခပ်စိပ်စိပ်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံ ရမှုများ၊ လူမှုအခက်အခဲများ အပြင် ဒေသခံ ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ အကြားက စစ်ရေး ပြင်းထန်မှုတွေက အကြိမ်ရေ ပိုစိပ်လာခဲ့ပါတယ်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ မည်သို့ပင် ထုတ် ပြန်စေကာမူ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့အချိန်ထိ နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေး ဖြစ်နေတာလို့ သုံးသပ်ကြသလို တရားစီရင်ရေးမှာတော့ စစ်အုပ်ချုပ်ရေးနဲ့ စစ်ခုံရုံးကြောင့် တရားရင်ဆိုင်ရသူတွေမှာ ဥပဒေ အရ ရပိုင်ခွင့်တွေဆုံးရှုံးတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့်မြို့များ
အခု စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ ကယား(ကရင်နီ)၊ ကရင်၊ မွန်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တင်္နသာတိုင်းတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ဒေသခံ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ အားကောင်းပြီး စစ်ကောင်စီကို အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေ အပြင် ကရင်နီ ပြည်နယ်ထဲမှာတော့ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ၊ ရှားတောနဲ့ ချင်းပြည်နယ်မှာတော့ ဟားခါး၊ ဖလမ်း၊ ထန်တ လန်၊ မတူပီ၊ ကန်ပက်လက်၊ တီးတိန်၊ တွန်းဇံမြို့နယ်တွေ ပါဝင်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှတော့ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်း မာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦးမြို့နယ်တွေနဲ့ မကွေးတိုင်းထဲမှတော့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့ နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
ပဲခူးတိုင်းထဲမှတော့ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်းနဲ့ တနင်္သာရီတိုင်းထဲမှာတော့ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တာပါ။
ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ချက်အရ လုံခြုံရေး၊ ဥပဒေစိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းသာယာရေးတို့ အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာ နချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာ နချုပ်တွေက စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးဖို့ဆိုပြီး ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်တယ်လို့ ဖော်ပြထားပါ တယ်။
စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ ဒေသတွေမှာရှိတဲ့ တိုင်းမှူးတွေအနေနဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေ တဲ့ အခြေအနေတွေအပေါ် မူတည်ပြီး မိမိကိုယ်တိုင်၊ ဒါမှမဟုတ် စစ်နယ်မြေမှူးတွေကို တာဝန်လွဲပေးပြီး စစ်အုပ် ချုပ်ရေးကို ကျင့်သုံးနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့ နယ်တို့ကို စစ်အုပ်ချုပ် ရေး ထပ်မံ တိုးမြင့်ကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ် အတွင်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ မင်းတပ် မြို့နယ်တွေ အပါအဝင် အခုဆိုရင် စစ်အုပ်ချုပ်ရေးမြို့နယ် ၄၇ မြို့နယ် ရှိပြီ ဖြစ်ပြီး အဆိုပါ မြို့နယ်များထဲတွင် ပြစ်မှုဥပဒေ ၂၃ မျိုးအတွက် စစ်ခုံရုံးများဖြင့် သေဒဏ်၊ နှစ်အကန့်အသတ် မရှိ ထောင်ဒဏ်နှင့် ပြစ်မှုအလိုက် ပြဋ္ဌာန်းချက်ပါ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်ရမည် ဖြစ်ကြောင်း စစ်ကောင်စီ က ဆိုထားပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာမှုအရ ဒေသစစ်တိုင်းမှူး(သို့) စစ်နယ်မြေမှုများ၏ လုပ်ပိုင်ခွင့်
အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန် အရေးပေါ်အခြေအနေ ကြေညာမှု ၆ လ သက်တမ်း ထပ်တိုးခဲ့ပြီးနောက် စစ်ရေး ပြင်းထန်နေတဲ့ မြို့နယ် ၃၇ ကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကြေညာလိုက်ခြင်းဖြစ်ပါတယ်။ ထပ်တိုး ၃ မြို့နယ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကြေညာခဲ့ ပါတယ်။
အဆိုပါ မြို့နယ်များထဲတွင် ပြစ်မှုဥပဒေ ၂၃ မျိုးအတွက် စစ်ခုံရုံးများဖြင့် သေဒဏ်၊ နှစ်အကန့်အသတ် မရှိ ထောင် ဒဏ်နှင့် ပြစ်မှုအလိုက် ပြဋ္ဌာန်းချက်ပါ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်ရမည် ဖြစ်ကြောင်း စစ်ကောင်စီ က ဆို ထားပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်အသီးသီးမှာ ဒေသစစ်တိုင်းမှူး သို့မဟုတ် စစ် နယ်မြေမှူးတွေက တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝ ကျင့်သုံးနိုင်ကြောင်း ထုတ်ပြန်ချက်ထဲ တွင် ဖော်ပြထားပါတယ်။
စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ကိုယ်တိုင်လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့် ကြေညာချက်မှာ အထက်ပါ အချက်တွေကို အတိအလင်းဖော်ပြထားပါတယ်။
စစ်ခုံရုံးက စီရင်နိုင်တဲ့ အမှုတွေထဲမှာ နိုင်ငံတော်သစ္စာဖောက်မှု ပုဒ်မ – ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ – ၁၂၄ (က)၊ နိုင်ငံရေးပုဒ်မ- ၅၀၅ ၊ မတရားအသင်းဆက်သွယ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှု၊ လူ သေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိ လိုက်စားမှု၊ မူးယစ်ဆေးဝါးဆိုင်ရာပုဒ်မ၊ သတင်းမီဒီယာ ဥပဒေဆိုင် ရာပုဒ်မ၊ ၁၉၄၇ လူဝင်မှုကြီးကြပ်ရေးဥပဒေ လတ်တလောပြဌာန်းချက်များဆိုင်ရာ ပုဒ်မတွေအပါအဝင် စုစု ပေါင်း အရေးယူစီရင်နိုင်တဲ့ ပြစ်မှုပေါင်း ၂၃ မှုကို ဖော်ပြထားတာ ဖြစ်ပါတယ်။
အခုလို Martial Law ထုတ်ပြန်လိုက်တဲ့အပေါ် ပြည်ထောင်စုရှေ့နေများအဖွဲ့ဥက္ကဋ္ဌ၊ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ဒါဟာ ပြည်သူတွေကို ခြောက်လှန့်လိုက်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“Martial Law ထုတ်တယ်ဆိုတာတော့ အဓိက ပြည်သူတွေကို ခြောက်တာပေါ့ဗျာ။ ဒီလို ပြည်သူကိုကျ ခြောက်ပြီး သူတို့လူတွေကိုကျ ရဲဆေးတင်ပေးလိုက်တာပေါ့။ ဒါပေမဲ့ ဗမာပြည်တွင်းနဲ့ ပြည်ပမှာတော့ လုံးဝ သိက္ခာကျသွားပြီ။ သူတို့ မအုပ်ချုပ်နိုင်ဘူးဆိုတာ ထင်ရှားသွားတာပေါ့။”
Martial Law စစ်အုပ်ချုပ်ရေး မကြေညာလည်း စစ်အုပ်ချုပ်ရေးပုံစံမျိုးသွားနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ဒီအမိန့်ဟာ ပြည်သူကို ရန်သူလို ဆက်ဆံနိုင်အောင် ထုတ်ပြန်တဲ့ အမိန့်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“မာရှယ်လောနဲ့ အုပ်ချုပ်တာဟာ လူ့အခွင့်အရေး၊ တရား ဥပဒေ စိုးမိုးရေး ဆိုတာတွေကို လာမပြောနဲ့တော့။ ရန် သူ သတ်မှတ်လိုက်ပြီ။ ရန်သူနယ်မြေ ဖြစ်သွားပြီ။ ရန်သူလိုပဲ သတ်မယ်။ ဖြတ်မယ်။ လုပ်ချင်ရာ လုပ်မယ် ကွာ။ မြန်မာနိုင်ငံဟာ စစ်ဥပဒေနဲ့ အုပ်ချုပ်တာ တပိုင်းဖြစ်နေပြီ ဥပဒေဆိုတာ မရှိတော့ဘူး။ စစ်ခုံရုံးရဲ့ သဘော ထားပဲ။ အယူခံခွင့် မရှိဆိုတာတွေ ပါလာပြီ။ သေဒဏ် ချမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ နောက်ဆုံး အတည်ပြုချက် ပေးရမယ် ဆိုတဲ့ဟာကလွဲလို့ ကျန်တဲ့ဟာတွေမှာ စစ်ခုံရုံးက လုပ်သမျှ၊ ချသမျှ အမိန့်တွေ အယူခံခွင့် မရှိဘူး ပြီးပြီလေ။”
သို့သော် အာဏာသိမ်း စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့များနှင့် သတ်မှတ်နယ်မြေအတွင်း လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးဖို့ဆိုပြီး ၎င်းတို့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာချက်အပေါ် တော်လှန်ရေး အင်အားစုများ၏ အမြင်သုံးသပ်ချက်များ
စစ်အုပ်ချုပ်ရေး မြို့နယ်တွေ ထုတ်ပြန်ကြေညာခြင်းက စစ်ကောင်စီဟာ နယ်မြေ မထိန်းချုပ်နိုင်မှုကို ဝန်ခံလိုက် ခြင်းဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဝက်လက်မြို့နယ် အခြေစိုက် စစ်ရေးလှုပ်ရှားနေသော Buffalo Soldiers Freedom Force (SBLDF) တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ကျွဲကြီးက “ကျနော့်အမြင် ပြောရရင်တော့ ဒီမြို့နယ် ၃ ခုမှာ စစ်တပ်တွေက နယ် မြေထိန်းချုပ်နိုင်တာ တစ်နေရာမှတောင် မရှိတော့ဘူး။ မြို့နေရာလောက်ပဲ ကျန်တော့တာ။ အဲဒီမှာတောင်မှ ပြောက်ကျားအဖွဲ့တွေ လှုပ်ရှားနေလို့ ထိန်းချုပ်လို့ မရသေးဘူး။ နောက်ပြီးတော့ ပြည်သူတွေကို ထပ်ပြီးတော့ ဒုက္ခပေးချင်တာလည်း ပါမယ်။ မြေပြင် ပြောက်ကျားတပ်ဖွဲ့ လုပ်တဲ့ဟာက ပြည်သူတွေပဲ ခံနေရသလို ဖြစ်နေ လို့ တခါတခါ ရပ်ထားရတယ်။ အခုလို ကြေညာလိုက်တော့ ပိုကောင်းတာပေါ့။ ပြည်သူမရှိတော့ပဲ သူနဲ့ကိုယ် ၂ ဖွဲ့ပဲ ရှိတော့တာလေ။ ကျနော်တို့ PDF တွေ အကြိုက်ပေါ့” ဟု ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်အုပ်ချုပ်ရေး ထပ်တိုးကြေညာမှုမှာ ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့နယ်တို့ ပါ ဝင်လာခဲ့ပါတယ်။ အဆိုပါ မြို့နယ် ၃ မြို့နယ်မှာ ယခင်ကတည်းက စစ်ကောင်စီတပ်တွေ နယ်မြေ မထိန်းချုပ် နိုင်တဲ့ ဒေသတွေဖြစ်ပြီး ပထမကြိမ် စစ်အုပ်ချုပ်ရေး ကြေညာကတည်းကပင် ပါဝင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ တာ ဖြစ်တယ်လို့ ဗိုလ်ကျွဲကြီး က ပြောပါတယ်။
စစ်အုပ်ချုပ်ရေး ထပ်တိုးကြေညာလိုက်တဲ့ မြို့နယ် ၃ ခုထဲမှာ တစ်လလျှင် အနည်းဆုံး ၁၀ ကြိမ်ကနေ ၁၅ ကြိမ် ခန့်အထိ စစ်ကောင်စီတွေက စစ်ကြောင်းထိုးလေ့ရှိပြီး PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်တိုင်း အရေးနိမ့်ခဲ့ တယ်လို့ ဆိုပြောပါတယ်။ သို့ဖြစ်၍ စစ်ကောင်စီတပ်များအနေဖြင့် ထိုမြို့နယ် ၃ မြို့နယ်ထဲမှာလည်း ပေါ်ပေါ် ထင်ထင် သွားလာနိုင်ရန် စစ်အုပ်ချုပ်ရေး ကြေညာခြင်းသ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ရွှေဘိုမြို့နယ် အခြေစိုက် စစ်ရေးလှုပ်ရှားနေသော တောကျီးကန်း ပြည်သူ့ကာကွပ်ရေး တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူ ဘိုစီဘီကလည်း “တစ်မြို့နဲ့ တစ်မြို့ ကူးဖို့ မလွယ်တော့တဲ့ အနေအထား ဖြစ်နေလို့ ပြန် ထိန်းချုပ် တယ်လို့ သုံးသပ်တယ်။ ရွှေဘိုမြို့မှာလည်း UG လှုပ်ရှားမှုအား အတော်ကောင်းလာတော့ သူတို့အတွက် ဘယ် နေရာမှ Save (ဘေးကင်းလုံခြုံမှု) မဖြစ်တော့ဘူး။ အဲဒါသိသွားလို့ အဲလိုထိန်းချုပ်တယ်လို့ ယူဆတယ်” ဟု ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်ထဲမှာတော့ ပလက်ဝမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၈ မြို့နယ်စလုံး ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်ထားတာ ဖြစ်ပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ချင်းပြည်သူလူထုကို ဘုရားမဲ့ တရားမဲ့ အကြမ်းဖက် ဖမ်းဆီး၊ နှိပ်စက် ထောင်ချ သတ်ဖြတ်တဲ့အထိ အဲ့ဒီလို လုပ်ခွင့်ကို မင်းအောင်လှိုင်ကနေ တိုင်းမှူးကို ပေးထားတယ်ဆိုတော့၊ အဓိကကတော့ လူသတ်လိုင်စင် ထုတ်ပေး လိုက်သလိုပဲ။ ကျနော်တို့ ချင်းပြည်သူတွေ ကို ကျနော်တို့ CNF/CNA အပါအဝင် တော်လှန်ရေးအဖွဲ့တွေက သူတို့ကို တိုက်ရင် ခင်ဗျားတို့ ပြည်သူလူထုကို အကြမ်းဖက်ပြမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပြီးတော့ စိန်ခေါ်လိုက်တာလို့ပဲ ကျွန်တော် မြင်ပါတယ်” ဟု ပြောပါတယ်။
အလားတူ ကယား (ကရင်နီ) ပြည်နယ်အတွက်လည်း စစ်အုပ်ချုပ်ရေး ကြေညာခြင်းလိုက်ခြင်းက ထူးခြားမှု တစ်စုံတစ်ရာ မရှိနိုင်ဘဲ စစ်ကောင်စီအနေနဲ့ တရားဝင် လူသတ်ခွင့်ရသွားတဲ့ သဘောဖြစ်တယ်လို့ ကရင်နီတော် လှန်ရေး အင်အားစုတွေ က တုံ့ပြန်ပြောဆိုပါတယ်။
ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦး က “သူတို့ ဒီလိုကြေညာလိုက်ခြင်းအပေါ် ကျနော်တို့ဘက်မှာ သက်ရောက်မှု မရှိဘူးလို့ ပြောလို့ရတယ်။ သူ့ဟာက ထုံးစံအတိုင်းပဲလေ။ သူတို့ မသတ်မှတ်ခင်ကတည်းက ကျူးလွန်နေပြီးသားပဲ။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ကတောင်မှ အိမ်ကပစ္စည်းကို ပြန်လာယူတဲ့ ပြည်သူကို သတ် ပြီးမှ မသေလို့ လည်လှီးသလိုမျိုး လုပ်ထားတာပေါ့နော်။ ဒါကြောင့် ကျနော်တို့အတွက်တော့ ထူးခြားမှု မရှိ ဘူးလို့ သုံးသပ်မိတယ်” ဟု ပြောပါတယ်။
ထို့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ အတွင်းရေးမှူး ၂ ဦးအောင်မြင့်ဆန်းကလည်း စစ်အုပ် ချုပ်ရေး ကြေညာခြင်းက စစ်ကောင်စီအနေနဲ့ နယ်မြေမထိန်းချုပ်နိုင်တော့တဲ့ အခြေအနေကို ဖော်ပြလိုက်ခြင်း ဖြစ်တယ်လို့ သတင်းမီဒီယာများကို ဖြေကြားထားပါတယ်။
ကရင်နီပြည်တွင် စစ်အင်အား၊ လက်နက်အင်အား အများဆုံးနှင့် နယ်မြေအများဆုံး ထိန်းချုပ်ထားနိုင်တဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ပြန်ကြားရေး တာဝန်ရှိသူကလည်း “သူတို့ ကြေညာတာနဲ့ အရင်က နဲ့က ကြီးကြီးမားမား ကွာဟချက် မရှိလောက်ဘူးလို့ ယူဆတယ်။ ဘာကြောင့်လဲ ဆိုတော့ ကရင်နီပြည်မှာက သူတို့ ဥပဒေမဲ့ တရားလက်လွတ်မဲ့ အပြစ်မဲ့ ပြည်သူလူထုကို သတ်ဖြတ်နေတာက နေ့စဉ်ညဆက်ပဲလေ။ ဆို တော့ မာရှယ်လော ထုတ်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ ထူးထူးထွေထွေ မှတ်ချက်ပေးစရာတော့ မရှိပါဘူး” ဟု ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားသလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF များအနေဖြင့် စစ်ရေး အရှိန်မြင့် ဖော်ဆောင်သွားမှာ ဖြစ်ကြောင့်၊ ထို့အတွက် နှစ်ဦးနှစ် ဘက် ထိခိုက်မှု မရှိစေရန် ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်မထွက်ကြရန်နဲ့ မဖြစ်မနေ အရေးပေါ် ကိစ္စများ ရှိပါကလည်း အထူးသတိထားကာ သွားလာကြရန် သတိပေးထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နောက်ဆက်တွဲအခြေအနေများ
စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်လိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ညမထွက်ရ အမိန့်ကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များ က ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လော်စပီကာနဲ့ လိုက်လံကြေညာခဲ့ရာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ အချိန်ကာလ အတွင်း လူ ၅ ဦးထက် ပိုစုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်း ဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီး လောင်စေတတ်သော အရာများ ကိုင်ဆောင်ခြင်း မပြုရစတာတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်အပြင်၊ ပဲခူး၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ထဲက မြို့နယ်တချို့မှာလည်း စစ်တပ်က ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကယား(ကရင်နီ) ဒေသအတွင်း လူထု ၃၀၀၀ ကျော် ထပ်မံစစ်ဘေးရှောင်ခဲ့ပါ တယ်။ လွိုင်ကော်မြို့နယ် ပီကင်းကောခူနဲ့ ဝါရီကောခူရွာကို ဖေဖော်ဝါရီလ ၅ ရက်နေ့ညပိုင်းက စစ်ကြောင်း ထိုးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) အဖွဲ့က ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကိုင်းတိုင်းထဲမှာတော့ ရေဦး၊ ဆားလင်းကြီး၊ ခင်ဦး၊ တန့်ဆည်၊ အရာ တော်မြို့နယ်တွေထဲက ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာတွေထဲရှိ နေအိမ်များကို မီးရှို့ခံရမှု၊ နယ်မြေရှင်းလင်းရေးတို့ကြောင့် ဒေသခံ သောင်းချီ နေရပ်စွန့်ခွာ ထွက် ပြေးခဲ့ရပါတယ်။
အရာတော်မြို့နယ်ထဲက မင်းရွာ၊ မလဲသာနဲ့ ကန်ရင်း စတဲ့ရွာတွေဘက်မှာ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တုန်း လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ကာ တောတောင်နဲ့ လျှိုမြောင်တွေထဲ ထွက်ပြေးပုန်းအောင် နေခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က စစ်ဘက်နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ခြင်း၊ မျိုးတုံးသတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုမျိုးစုံ ကျူး လွန်ဖို့အတွက် စစ်ကောင်စီရဲ့ ကာလုံက စစ်အုပ်ချုပ်ရေးကြေညာပြီး ခွင့်ပေးလိုက်တဲ့ သဘောပဲ ဖြစ်တယ်လို့ ထောက်ပြသူကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ပါ။
“ဒီစစ်ရာဇဝတ် မှု မျိုးစုံကို ကျူးလွန်ဖို့အတွက် ဒီနေရာမှာ စစ်ကောင်စီရဲ့ ကာလုံကနေပြီးတော့ ခွင့်ပေးလိုက်တဲ့ သဘောပဲလို့ ကျနော်ကတော့ ယူဆတယ်လို့ ပြောချင်တာပါဗျ။”
မာရှယ်လော (Martial Law) ခေါ် စစ်ချုပ်ရေး ဥပဒေထုတ်ပြန်ကြေညာခြင်းက အာဏာကျင့်သုံးမှုစနစ်နှင့် အာဏာတည်ဆဲအစိုးရတစ်ရပ်က စစ်တပ်(တပ်မတော်)ကို ခေတ္တအုပ်ချုပ်ရေး လွှဲပြောင်းပေးရခြင်း ဖြစ်သည်။သို့သော် အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေး (Military Administration) စနစ် တို့ မတူပေ။စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ် (Martial Law) သည် စစ်မြေပြင်ရှိ တပ်မှူးက အာဏာကျင့်သုံးပုံအတိုင်း တာဝန်ယူ ကျင့်သုံးခွင့်ရှိတဲ့ အာဏာမျိုးဖြစ်တယ်ဟု အမည်မဖော်လိုသူ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။
စစ်အာဏာပိုင်တွေ အနေဖြင့် အခြေခံဥပဒေကို ထောက်ထားခြင်း၊ အထက်အဆင့်ဆင့် တင်ပြ အစီရင်ခံခြင်း၊ အခွင့်အာဏာရယူခြင်းတို့ကို လုပ်ဆောင်စရာမလိုဘဲ၊ မိမိကိုယ်တိုင် တာဝန်ခံဆုံးဖြတ် လုပ်ဆောင်နိုင်ခြင်း ကြောင့် စစ်အာဏာပိုင်များ၏ အထက်တွင် မည်သည့် အာဏာပိုင်အဖွဲ့အစည်းမှ မရှိဆိုတဲ့ သဘောမျိုးဖြစ် တယ်လို့ ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိစ္စတွေကို Martial Law ထုတ်ထားတဲ့ မြို့နယ်တွေမှာ စစ်ခုံရုံးကသာ ဆုံး ဖြတ်မှာဖြစ်တာကြောင့် အဲဒီမြို့နယ်တွေမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ဘူးလို့လည်း ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုပါတယ်။
“မသင်္ကာရင် ပစ်သတ်မယ်၊ ဖမ်းမယ်။ ဒါတွေကို လုပ် ကြတော့မှာ။ စစ်ဥပဒေနဲ့ အုပ်ချုပ်တာမျိုး၊ စစ်ခုံရုံးပဲ ဖွဲ့ထားတော့မှာ။ ဥပဒေဆိုတာ မရှိတော့ဘူး။”
စစ်ကောင်စီတပ်ဟာ စစ်ရေးအရ လက်နက်ကိုင်ခုခံသူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့၊ ဖမ်းဆီးသတ်ဖြတ် ဖို့နဲ့ လူထုတော်လှန်ရေးကို စနစ်တကျဖြိုခွင်းဖို့ အခုလို စစ်အုပ်ချုပ်ရေးကြေညာတာလို့လည်း သုံးသပ်ပြောဆိုကြပါတယ်။