အကျဉ်းသား ၉ ဦး လက်နက်လုပြီး အချုပ်ကားပေါ်မှ ထွက်ပြေးလွတ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်။
အချုပ်ကားပေါ်တွင် လိုက်ပါလာသည့် ရမည်းသင်းအကျဉ်းထောင်က အကျဉ်းသား ၉ ဦး လက်နက်လုယူပြီး ထွက်ပြေးလွတ်မြောက်သွားသည်။
မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့ရှိ ရမည်းသင်းအကျဉ်းထောင်မှ အချုပ်သား ၂၀ ဦးသည် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်လုယူပြီး ထွက်ပြေးမှုဖြစ်ပွားခဲ့သည်။
ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား မိသားစုဝင် တစ်ဦးက “အချုပ်သားထဲက နေဇော်လို့ခေါ်တဲ့ တစ် ယောက်က ကင်းသားလမ်းခွဲမှာ ပါဆယ်ယူစရာ ရှိတယ်ဆိုပြီး ကားကို အတင်းရပ်ခိုင်းတယ် ပြောတယ်။ အဲ့ဒီမှာ ကားတံခါးဖွင့်တာနဲ့ ချက်ချင်း လူအုပ်လိုက်ကြီးက ရဲကိုင်ထားတဲ့ သေနတ်ကို ဝင်လုပြီးထွက်ပြေးတာ။ သေနတ် လုရင်း ရဲတစ်ယောက်ကို ပစ်မိသွားတယ်လို့ ကြားတယ်။ ကျန်တာ မသိရသေးဘူး” ဟု ပြောသည်။
ထိုကျဉ်းသားများအား မတ်လ ၁ ရက်နေ့၊ ညနေ ၄ နာရီခန့် အချိန်တွင် နေပြည်တော် တရားရုံးအသီးသီး၌ ရုံး ထုတ်ပြီးအပြန် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာအနီးရှိ ရန်ကုန်- မန္တလေး ကားလမ်းမကြီး (လမ်းဟောင်း) ပေါ် ရှိ မိုင်တိုင်အမှတ် (၂၄၆/၃) နေရာသို့ အရောက်တွင် အချုပ်ကားပေါ်မှ လုံခြုံရေးရဲ၏ သေနတ်ကို လုယူပြီး နောက် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။
အကျဉ်းသား ၂၀ ဦးအနက် ၉ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ၁ ဦးမှာ ရဲတပ်သားများ၏ ပိတ်ဆို့ ဖမ်းဆီး မှုကြောင့် ပြန်လည် အဖမ်းခံလိုက်ရသည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။
ထို့အပြင် သေနတ်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် လုံခြုံရေး ရဲတပ်သား ၂ ဦးအနက် တစ်ဦးမှာ သေနတ် ထိ မှန်ဒဏ်ရာနှင့် ကျန်တစ်ဦးမှာ ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟု ထောင်နှင့် နီးစပ်သူများက ဆိုသည်။
အချုပ်ကားပေါ်တွင် လိုက်ပါလာသည့် အကျဉ်းသား ၂၀ ဦးအနက် ၁၀ ဦးမှာ နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြ ပြီး အများစုမှာ နှစ်ရှည်ထောင်ဒဏ် နှစ် ၅၀ နှင့် အထက် ချမှတ်ခံရသူများဖြစ်သည်။
၎င်းတို့ ထွက်ပြေးလွတ်မြောက်ပြီးနောက် ရဲနှင့် စစ်ကောင်စီတပ်သားများသည် မိုင်တိုင်အမှတ် (၂၄၆/၃) နေရာ အနီး ဂွေးပင်ကျေးရွာတွင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။
အဆိုပါ ဖြစ်စဉ်အား စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ထွက်ပြေးသွားသည့် အကျဉ်းသား ၁၀ ဦးအား ရဲတပ် ဖွဲ့များ အင်းအား အလုံးအရင်းဖြင့် ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ အကျဉ်းသား ၄ ဦးအနက် ၃ ဦး အရှင် ဖမ်းဆီး နိုင်ခဲ့ပြီး ၁ ဦးအား ပစ်ခတ်ဖမ်းဆီးရာတွင် သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
သို့သော် အကျဉ်းသား မိသားစုဝင်များနှင့် နီးစပ်သူများအား ဆက်သွယ်မေးမြန်းရာတွင် ၉ ဦးလုံး လွတ်မြောက် သွားသည်ဟု ဖြေကြားခဲ့သည်။