ကျောင်းရံပုံငွေအား နတခ G1 မှ အလွဲသုံးဟု ဒေသခံများ စွပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)က ဦးစီး ပထမတန်းအရာရှိ (G1) တစ်ဦး ဖြစ်သည့် ဒုတိယ ဗိုလ်မှူး ကြီးနိုင်လွင် ဆိုသူသည် မူလတန်းကျောင်း ဆောက်ရန် ဘတ်ဂျက်ငွေကို ကိုယ်ကျိုး သုံးစွဲလိုက်သည်ဟု ဒေသခံ များက ပြောသည်။

မအူပင်မြို့ရှိ အမှတ် (၂၇) ခြေလျင်တပ်ရင်း အတွင်း မူလတန်းကျောင်း ဆောက်လုပ်ရန် အတွက် စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ချပေးထားသည့် ဘတ်ဂျက်ငွေ ကျပ်သိန်း ၈၀၀ ကျော်ကို အလွဲ သုံး စားလုပ်ပြီး လုပ်ငန်းရှင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှ ခွဲတန်းချ အလှူခံကာ ကျောင်းဆောင်ကို ဆောက် လုပ်ခိုင်းထားသည်ဟု တပ်တွင်း မိသားစုနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် က ပြောသည်။

တပ်မိသားစု နှင့် နီးစပ်သူတစ်ဦးက “ပညာရေး ဝန်ကြီးဌာနကချပေးတဲ့ ဘတ်ဂျက်ငွေ က တပ်ရင်းကို ဝင်တယ်၊ အဲဒါ G1 က သူဆီအပ်ခိုင်း ပြီး ယူထား လိုက်တယ် ကျောင်းဆောက်ဖို့ငွေကို လုပ်ငန်းရှင်တွေ နဲ့ အုပ်ချုပ်ရေးမှူး တွေဆီက ခွဲ တန်းချ အလှူခံခိုင်းတယ်” ဟု ပြောသည်။

တပ်တွင်း မူလတန်းကျောင်း ဆောက်လုပ်ရန် လိုအပ်ငွေအတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ကျပ် ၁၀ သိန်းစီ ထည့်ဝင်ရန် ခွဲတန်းချပြီး လုပ်ငန်းရှင်များကိုမူပါ လုပ်ငန်းအပေါ် မူတည်၍ ခွဲတန်းချပေးထားသည် ဟု ဆိုသည်။

မတ်လ ပထမပတ် အတွင်းက စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက တပ်တွင်း မူလတန်း ကျောင်း ဆောက်လုပ်ရန် ဘတ်ဂျက်ငွေကို မအူပင်မြို့အခြေစိုက် ခလရ ၂၇ တပ်ရင်းကို ချပေးလိုက်ပြီး ဖြစ်သည် ဟု အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး နှင့် နီးစပ်သည့် သူအချို့က ပြောသည်။

အဆိုပါ တပ်နှင့် နီးစပ်သူတစ်ဦးက “တပ်ရေး ဗိုလ်ကြီးက ကျောင်းဆောက်ဖို့ ဘတ်ဂျက်ငွေ ကို G1 ကြီး နိုင်လွင် ရှယ်ယာပါ ထားတဲ့ BKK စား သောက် ဆိုင်ပိုင်ရှင် ဆီကို လွှဲပြောင်း ပေးလိုက်ရတာ” ဟု ပြောသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က ဦးစီး ပထမတန်းအရာရှိ G1 တစ်ဦး ဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်သည် ပြည်သူများထံမှလည်း အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်ငွေတောင်းကြမ်းသူ တစ်ဦး အဖြစ် နာမည်ကြီးသည်။

ထို့အပြင် ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်သည် မအူပင်မြို့ အဝင်အထွက်တွင် လုံခြုံရေးယူထားသည့် စစ်ဆေးရေး ဂိတ်များထံမှလည်း တစ်လလျှင် ငွေကျပ် ၂၅ သိန်းပေးသွင်းခိုင်းထားသည်ဟု တပ်နှင့်နီးစပ်သူများက ပြောသည်။

အလားတူ စားသောက်ဆိုင်များ၊ KTV လုပ်ငန်းများ၊ လောင်းကစားဝိုင်း ဒိုင်လုပ်ငန်းများထံတွင်လည်း ရှယ်ယာ ပါဝင်ထားပြီး ပဲခူးရိုးမ တောအတွင်းမှ သစ်ခိုးထုတ်သည့် သစ်မှောင်ခို လုပ်ငန်းများကိုလည်း ၎င်းကိုယ်တိုင် ညွှန် ကြားလုပ်ဆောင်နေသည်ဟု လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောသည်။