ရွှေဘိုတွင် မီးရှို့လာသည့် စစ်ကြောင်းကို ပဒေသာမိုင်း၊ လက်နက်ကြီးများဖြင့် တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်။

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာများကို မီးရှို့ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ မိုင်းဆွဲ တိုက်ခိုက်ခံ ရပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည်ဟု ဒေသခံ ပြည်သူများက ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ခြေလျင် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

Buffalo Soldiers Freedom Force ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ကျွဲကြီးက “အသေအပျောက်ကတော့ အတည် ပြုလို့ မရဘူးပေါ့နော်။ ဒါပေမယ့် မိုင်းဆွဲပြီး ၆၀-မမ နဲ့ ဝိုင်းပစ်တာကတော့ လမ်းမှာတွေ့ရသလောက် ၈ ယောက် လောက် ထမ်းခေါ်သွားတယ်လို့ ကားသမားတွေက သတင်းပို့တယ်” ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ ဝက်လက်မြို့နယ်အတွင်းရှိ စိုင်နိုင်ကြီးကျေးရွာ၊ စိုင်နိုင်လေးကျေးရွာ၊ ဘုံးဘွဲ့ကျေးရွာ တို့ အား မီးရှို့လာခဲ့ခြင်းဖြစ်ပြီး ရွှေဘိုမုဒ်ပေါက်အနီး ဇီးတောနှင့် တဂဏန်းကျေးရွာသို့ ရောက်ရှိစဉ် မတ်လ ၃ ရက် နေ့ ညနေ ၄ နာရီအချိန်ခန့်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Buffalo Soldiers Freedom Force တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီတပ်များမှာ စိုင်နိုင်ကြီးနှင့် တဂဏန်းကျေးရွာသို့ ၁၂ ဘီးကားဖြင့် စစ်ကြောင်းထိုးလာခဲ့ပြီးနောက် အခြား PDF အဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် အထိနာခဲ့ပြီး ဆက်လက် ခြေလျင် စစ်ကြောင်းထိုးလာခဲ့ သည်ဖြစ်ရာ ၎င်းတို့အဖွဲ့က ပဒေသာမိုင်း ၁၀ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ၎င်းတို့ဘက်မှ ၆၀-မမ လက်နက်ကြီးဖြင့်လည်း အဝေးမှ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်များ အထိ နာခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ကျွဲကြီးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Buffalo Soldiers Freedom Force အဖွဲ့နှင့်အတူ တာနောယက္ခ ပြောက်ကျားတပ်ဖွဲ့၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Shwebo Defense Force(SBDF) စခန်း ၁ တပ်ခွဲ ၁၁ တို့မှ အတူတကွ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Buffalo Soldiers Freedom Force တပ်ဖွဲ့တွင် လက်နက်အင်အား နည်းပါးခြင်းကြောင့် တစ်တောင့်ထိုး မောင်းပြန် ရိုင်ဖယ် ၁ လက်၊ စနိုက်ဘာ ၁ လက်၊ ၆၀ မမ- လက်နက်ကြီးများသာ ပိုင်ဆိုင်ထားပြီး မိုင်းဖောက်ခွဲရေး လုပ်ငန်း ကိုသာ ဦးစားပေး ဖော်ဆောင်နေရသည်ဟု ဗိုလ်ကျွဲကြီးက ဆက်ပြောသည်။

“ဒီဘက် နယ်မြေတွေကတော့ လက်နက်တပ်ဆင်မှု ကောင်းကောင်း မရှိဘူး။ မိုင်းကိုပဲ ကွမ်းကျင်တဲ့ အဆင့် ရောက်အောင် Train (လေ့ကျင့်)ပြီး တိုက်ခိုက်ရတယ်။ လက်နက်ငယ်နဲ့ တိုက်ပွဲဆိုတာ ကိုယ်ဘက်က အသာစီး ရမှ ပစ်ရတာ။ ဒါတောင် ကျည်မလောက်လို့ ၃ မိနစ်ထက် ပိုပစ်လို့ မရဘူး။ သူတို့ထက် အကာအကွယ် ကောင်း ကောင်း ယူထားနိုင်မှ ကိုယ်တွေ ပစ်ပြီးတာနဲ့ ဒီကောင်တွေ ပြန်ပစ်တာဆိုတော့ လက်နက်ချင်း အင်အားက မမျှ ဘူး။ ဒါပေမယ့် ကျနော်တို့မှာ ရှိတဲ့မိုင်းနဲ့ ဒီကောင်တွေ သွာလာရာလမ်းမှာ စောင့်ပြီး ဖောက်ခွဲ တိုက်ခိုက်ရတာ ပေါ့။”

စစ်ကောင်စီတပ်များသည် စိုင်နိုင်ကြီးကျေးရွာ၊ စိုင်နိုင်လေးကျေးရွာ၊ ဘုံးဘွဲ့ကျေးရွာတို့အား မီးရှို့ဖျက်ဆီး ခဲ့ရာတွင် လူနေအိမ် အလုံးရေ ၅၀ ထက်မနည်း မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး စိုင်နိုင်လေးကျေးရွာ တစ်ရွာ၌ပင် လူနေအိမ်အလုံး ၂၀ ကျော်ပါဝင်သည်ဟု ကျေးရွာနေပြည်သူများက ပြောဆိုထားသည်။