မြစ်ကြီးနားမြို့အနီး အမျိုးသားဥယျာဉ် အင်ခိုင်ဘွမ်တွင် ၁၀ ရက်ကြာ မီးလောင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ အမျိုးသား ဥယျာဉ်အဖြစ်သတ်မှတ်ထားသည့် အင်ခိုင်ဘွမ်တောင်ပေါ်တွင် ၁၀ ရက်ကျော်အကြာ တောမီးလောင်နေသည့်အတွက် အနီးရှိ ကျိန်ခရန်ချောင်း ရေခန်းခြောက်သွားမည်ကို အနီးအနားကျေးရွာက ဒေသခံများ စိုးရိမ်နေကြသည်။

မတ်လဆန်းမှ စတင်၍ ယနေ့အချိန်ထိ အင်ခိုင်ဘွမ်တောင်ပေါ်တွင် တောမီး ဆက်လောင်နေသေးသည်ဟု ကျိန် ခရန်ချောင်းရေးကို အဓိက အားထားရသည့် အောင်မြင်သာကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး က ယခုကဲ့သို့ ပြောသည်။

“ကျမတို့က ဒီကျိန်ခရန်ချောင်းကို သောက်နေတယ်ပေါ့နော်။ ကျမတို့ ရေသောက်မြစ်ဖြစ်တယ်။ တောတောင် ရေ သဘာဝတွေ ခမ်းခြောက်သွားရင် သစ်ပင်တွေမရှိဘူးဆိုလို့ရှိရင် ရေတွေခမ်းခြောက်သွားမယ်။ အဲဒါနဲ့ ကျမ တို့ ပတ်ဝန်းကျင်အတွက် ပေါ့နော် အများကြီးထိခိုက်နိုင်တယ်ပေါ့လေ။ ဒီက ရေဆိုရင် ဟိုးမြစ်ကြီးနားအထိ ယူတာ လေ။ ဆိုတော့ ကျမတို့ လူသားတွေအတွက်ပေါ့လေ ရေက အရေးကြီးတာပေါ့လေ။”

တောမီး ဆက်လောင်နေသည့်အတွက် လက်ရှိအချိန်ထိ နေ့ရောညပါ အင်ခိုင်ဘွမ်တောင်ပေါ်ရှိ ဝါးပင်များ ပေါက်ကွဲသည့် အသံများကို ကျယ်လောင်စွာ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။ ကျိန်ခရန်ချောင်း သည် လက်ရှိ တောမီးလောင်နေသည့် အင်ခရိုင်ဘွမ်တောင်ပေါ်မှ စီးဆင်းကာ ကျိန်ခရန်ကျေး ရွာကို ဖြတ်ကျော် ပြီး ဧရာဝတီမြစ်ထဲသို့ စီးဝင်သော ချောင်းကြီးဖြစ်သည်။

ထို့အပြင် ကျိန်ခရန်၊ အောင်မြင်သာ၊ လုံဂါဇွမ်အပြင် အနီးအနားရှိ အခြားကျေးရွာများမှ လူဦးရေ ၃၀၀၀ နီးပါးခန့် အတွက် အဓိက သောက်သုံးရေ၊ ရေထွက်တစ်ခုဖြစ်သည့်အတွက် အလွန်အရေးပါသည့် ချောင်းဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“ဒီရေယူတဲ့နေရာက အောင်မြင်သာတစ်ရွာလုံး လူဦးရေ သုံးထောင်နီးပါးရှိတဲ့ကျေးရွာမှာ အိမ်ခြေနဲ့ဆိုရင် အိမ် ခြေ ၄၀၀ နီးပါးရှိတဲ့ နေရာမှာ ဒီရေကို ပေးနိုင်တယ်။ ခုတော့ အောင်မြင်သာ မကဘူး။ လုံဂါဇွပ်လည်း ရွာကို လည်း ဒီကရေကိုပဲ ပေးတယ်။ မြစ်ကြီးနားအထိကို ဒီက ကျိန်ခရန်ချောင်းရေကပဲ အဓိက ပေးတယ်။ ဆိုတော့ ကျမတို့ မြစ်ကြီးနားမြို့နယ်မှာ ရှိတဲ့ ပြည်သူတွေအားလုံးအတွက် ဒီရေက အရမ်းအရေးကြီးတယ်။ ဒီလိုသာ တောမီး ဆက်လောင်နေမယ်ဆိုရင်တော့ အခုတောင် ရေတော်တော် ခမ်းခြောက်နေပြီ။ ဒီထက်ကို ပိုပြီး ခမ်း ခြောက်ယုံပဲ ရှိလိမ့်မယ်။”

ထို့အပြင် ကျိန်ခရန်ချောင်းဘေးတလျှောက် အပန်းဖြေစခန်းသာပုံစံမျိုးလုပ်ကာ စျေးရောင်းကြသည့် မြစ်ဆုံ စီမံ ကိန်းကြောင့် ပြောင်းရွှေ့လာကြရသည့် အောင်မြင်သာကျေးရွာသားများ အနေဖြင့် ချောင်းရေခမ်းခြောက်က လာရောက်လည်ပတ်သူများ မရှိတော့ဘဲ ၎င်းတို့၏ စီးပွားရေး ထိခိုက်မည်ကိုလည်း စိုးရိမ်နေကြသည်။

အလားတူး စျေးဆိုင်တဲများ မီးလောင်ကျွမ်းကုန်မည်ကိုလည်း စိုးရိမ်သည်ဟု ဆက်ပြောသည်။

အောင်မြင်သာ ဒေသခံ အမျိုးသမီးက “နောက်တစ်ခုက ပြောင်းရွှေ့စခန်းမှာ နေတဲ့ ဒေသခံတွေက ဒီမှာလုပ်ကိုင် စားသောက်ဖို့ ခက်တယ်။ အဲဒါကြောင့်မို့ အဲဒီကျိန်ခရန်ချောင်းမှာ ဈေးရောင်းပြီးတော့ အပန်းဖြေစခန်းလေး လုပ်ပြီးတော့ ကျိန်ခရန်ချောင်းနားမှာ ဈေးဆိုင် တဲတွေပေါ့ ဝါးနဲ့ သက်ကယ်နဲ့ပဲ လုပ်ထားတယ်ပေါ့လေ။ အဲဒီ မှာ တဲတွေ မီးလောင်ဖို့လဲ စိုးရိမ်ရတာပေါ့” ဟု ပြောသည်။

လက်ရှိတောမီးလောင်နေသည့် နေရာမှာ အောင်မြင်သာကျေးရွာနှင့် မနီးမဝေးတွင် တည်ရှိပြီး ရွာသားများ အပန်းဖြေစခန်း ဖန်တီး တည်ဆောက်ထားသော ကျိန်ခရန်ချောင်း၏ အထက်နေရာမှာ ဖြစ်သည်။

တောမီးလောင်ခြင်းမှာ မည်သို့မည်ပုံ စလောင်လာသည်ကိုမူ မသိရှိရကြောင်းနှင့် နှစ်စဉ် နွေရာသီရောက်ချိန် ရွာသားများ တောင်ပေါ်သို့တက်ကာ သက်ကယ်ရိတ်၊ သစ်တောထွက် ဝါးနှင့် အခြားသော သဘာဝ သစ်တော ထွက် စားသုံးပင်များ၊ သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ ဆေးမြစ်များကို ရှာဖွေကြခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိ တွင် တောမီးလောင်နေသည့်အတွက် ရွာသားများမှာ အဆိုပါ အင်ခိုင်ဘွမ်တောင်ပေါ်သို့ သွား၍ မရဖြစ်နေ ကြ သည်။

အနီးအနားက ရွာသားများ အင်ခိုင်ဘွမ်တောင်ပေါ်နှင့် တောင်အနီးပတ်လည်တွင် တောင်ယာခုတ်စိုက်ပျိုးခြင်း၊ အချို့မှာ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းများ လုပ်ထားသည့် နေရာဖြစ်သောလည်း ပြီးခဲ့သည့်နှစ်မှ စတင်၍ ယခု ကဲ့သို့ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ခဲ့သည့်အတွက် နှစ်ရှည်ပင်များနှင့် သဘာဝအတိုင်းပေါက်သည့် အခြား သော သစ်ပင်များပင် မကျန်တော့ဘူးဟု ဆိုကြသည်။ ထို့ကြောင့် အင်ခိုင်ဘွမ်တောင်သည် တောင်ကတုံး ပုံစံ မျိုးပင် ဖြစ်လာနေသည်ဟု အနီးအနားကျေးရွာအသီးသီး က ရွာသားများက ပြောသည်။

အင်ခိုင်ဘွမ်တောင်နေရာတွင် ကျိန်ခရန်ချောင်း၏ ရေဝေရေလဲဒေသ ဂေဟစနစ် – အမြဲစိမ်းတော၊ တောင်ပေါ် တော အဓိက ကာကွယ်ထားသောတိရစ္ဆာန်များ – ကျားသစ်၊ ပြောင်၊ ဆတ်၊ ဒရယ်၊ ဖက်ချေ၊ တောင်ဆိတ်နီ၊ ဝက် ဝံ၊ တောခွေး၊သင်းခွေချပ်၊ တောကြောင်မျိုးစိတ်များ၊ မျောက်မျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ မြွေမျိုးစုံ၊ ရေသတ္တ ဝါ မျိုးစုံရှိရာ တောင်၏ ဧက ၇သောင်းကျော်ကို အမျိုးသားဥယျာဉ် အဖြစ် ၂၀၁၇ ခုနှစ်က သတ်မှတ်ထားခြင်း ဖြစ်သည်။

ဓါတ်ပုံ – Sut (အင်ခိုင်ဘွမ်တောင်သို့ လူငယ်များ အပေါ်ခရီး တောင်တက်ပုံ)