ဝမ်တိန်ဂိတ်ဖွင့်၊ ပို့ကုန်သာ တင်ပို့နိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်။

မြန်မာနိုင်ငံ၏ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်သည့် ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန်ဂိတ် ဖွင့်လှစ် လိုက်ပြီ ဖြစ်သော်လည်း ပို့ကုန်သာ တင်ပို့ ခွင့်ပြုထားသည်ဟု နယ်စပ်ရှိ ကုန်သည် လုပ်ငန်းရှင်များက ပြော သည်။

အဆိုပါ မြန်မာနိုင်ငံ၏ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်သည့် ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန်ဂိတ်သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှိပြီး မတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပြီး လက်ရှိအချိန် ထိ ပို့ကုန်သာခွင့်ပြုထားခြင်း ဖြစ်သည်။

နယ်စပ်ကုန်သည် တစ်ဦးက “ကုန်စိမ်းတွေပဲရမယ်။ ဥပမာ – ဖရဲသီး၊ သခွားမွှေးသီး၊ သရက်သီးတို့လိုပေါ့။ ဟင်းသီးဟင်းရွက် အဲ့လိုမျိုးတွေပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ ပို့ကုန်ပစ္စည်းများဖြစ်သည့် သစ်သီးနှင့် ကြံ စသည့် ကုန်များကို ခြောက်ဘီး ကုန်တင် ကား၊ ဆယ့်နှစ်ဘီး ကုန်တင်ကား၊ တွဲကားတို့ဖြင့် တင်ပို့ခွင့်ပြုပြီး အပြန်ကို ခါလီသာ ပြန်ခွင့်ပြုထားခြင်း ဖြစ်သည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။

အပြန်တွင် တရုတ်နိုင်ငံဘက်ခြမ်းမှ မည်သည့်ပစ္စည်းကိုမှ တင်ဆောင်ခွင့်မရှိဘဲ ကားကို ခါလီသာ ပြန်ခိုင်းသည် ဟု ဆိုသည်။

ပို့ကုန်ကားများ အနေဖြင့် ၎င်းဂိတ်မှ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ဝင်မည်ဆိုပါက ကားအလွတ်သာ ခွင့်ပြုပြီး တရုတ်နိုင်ငံ ဘက်ခြမ်းမှ ကုန်များ တင်ဆောင်ကာ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်လိုပါက ကျင်းစန်းကျော့ – ဝမ်တိန် ဂိတ်မှ ဝင်ရောက်ခွင့်ပြုထားသည်ဟု ကုန်သည်အချို့က ပြောသည်။

ပန်ဆိုင်း (ကြူကုတ်) မြို့မှ အစိုးရ ဝန်ထမ်းတစ်ဦးက “ကုန်ကားတွေ အဝင်၊ အထွက် ခွင့်ပြုပြီ။ ကားတစ်စီး လူ တစ်ယောက်ပေါ့” ဟု ပြောသည်။

သို့သော် တရုတ်နိုင်ငံဘက်ခြမ်းတွင် နေထိုင်သော မြန်မာလုပ်ငန်းရှင် တစ်ဦးက မတ်လ ၂၁ ရက်နေ့တွင် ဂိတ် ပေါက်ဝအထိ သွားရောက်လေ့လာခဲ့သော်လည်း အဝင်၊ အထွက် မတွေ့ခဲ့ဘူးဟု ပြောသည်။

ယခင်က တရုတ်နိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံဘက်ခြမ်းသို့ သွင်းကုန်ပစ္စည်းများအနေဖြင့် လူသုံးကုန်ပစ္စည်များ၊ ဆေးဝါးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ နှင့် စားသောက်ကုန် ပစ္စည်းများကို တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန်၊ မြန်မာ – တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်၍ တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှလည်း နယ်စပ်ဂိတ်များကို ၂၀၂၂ နှစ်ကုန် ပိုင်းအထိ တရုတ်နိုင်ငံဘက်ခြမ်းမှ COVID-19 ကပ်ရောဂါ အကြောင်းပြချက်ဖြင့် ရက်အကန့်အသတ် မရှိ ပိတ် ထားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် တရုတ်နိုင်ငံဘက်ခြမ်းတွင် COVID-19 ကပ်ရောဂါ သတ်မှတ်ချက်များဖြေလျှော့ သတ်မှတ်လိုက်ပြီး နောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဂိတ်များကို ဖြည်းဖြည်းချင်းစီ ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မူဆယ်မြို့နယ်အတွင်းရှိ မန့်ဝိန်းဂိတ်မှ ၆ ဘီး ကုန်တင်ကား၊ နန်းတော်ဂိတ်မှ လူ အဝင်/အထွက်၊ ဆင်ဖြူဈေးဂိတ်မှ လူနှင့် ယာဉ်ငယ်များ၊ ကျင်းစန်းကျော့ဂိတ်မှ ကုန်တင်ယာဉ်များ စသည်ဖြင့် ဝင်ထွက်ခွင့်ပြု ထားပြီး လူအဝင်/အထွက် အတွက် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မူဆယ်မြို့နယ် အိမ်ထောင်စုစာရင်း ကိုင် ဆောင်ထားသူများကိုသာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ထုတ်ပေးခြင်း ဖြစ်သည်။