ဗန်းမောက်တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားများ၊ ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက် သေဆုံးမှုရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများအပြင် ကာကွယ်ရေးတပ်ဖွဲ့ ဘက်တွင်လည်း ထိခိုက်ဒေသဆုံးမှုများ ရှိခဲ့သည်။
ဗန်းမောက်မြို့နယ်အတွင်းက နတ်နန်းထုံနှင့် ကြောင်လည် ဆိုသည့် နေရာများသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
ဒေသခံ တစ်ဦးက “ဒီအနောက်ဘက်မှာ လေယာဉ်လာကြဲတာလေ။ နတ်နန်းထုံနဲ့ ကြောင်လည်မှာ လေယာဉ် လာကြဲသွားတာ။ အရပ်သားတွေ တော်တော်များများထိသွားတယ်။ PDF တွေကလည်း လေးယောက်ထိ သွား တယ်။ မြေပြင်မှာလည်း တိုက်ပွဲက ဖြစ်နေတာ။ အဲ့ဒါ လေယာဉ်နဲ့ပြန်လာပစ်ကူသွားတာလေ” ဟု ပြောသည်။
ဗန်းမောက်မြို့နယ် ကြောင်လည်နှင့် နတ်နန်းထုံတို့အား စစ်တပ်က လေယာဥ်ဖြင့် မတ်လ ၂၄ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်း ဗုံးကြဲမှုအတွင်း PDF များဘက်က ရဲဘော် ၄ ဦး ထိမှန်သေဆုံးခဲ့သည့်အပြင် အရပ်သား ပြည်သူ ထိမှန်သေဆုံးမှုများလည်းရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ သို့သော် အဆိုပါနေရာတဝိုက် စစ် ရေးတင်းမာနေဆဲဖြစ်သောကြောင့် ဖုန်းလိုင်းဆက်သွယ်ရန် ခက်ခဲနေသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ပြည်သူများ၏ စာရင်းကို အတိအကျ မရသေးဘူးဟု ဆိုသည်။
ဒေသခံ လူငယ်တစ်ဦးက “အောက်မှာကလည်း ဆက်တိုက်ဖြစ်နေတာ။ အဲ့ဒါလေယာဉ်ကလည်း ထပ်ပြီးလာကြဲ သွားတာ။ အောက်မှာက စကစတွေရော၊ ရှမ်းနီတပ်တွေရောနဲ့ တိုက်ပွဲတွေဖြစ်နေတာ။ ကျနော်တို့ဘက်မှာ တော်တော် တိုက်ပွဲတွေက တော်တော်လေးကို ဆိုးနေတာ။ ဆက်သွယ်ရခက်လို့ သတင်းတွေ မတက်တာဗျ” ဟု ပြောသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ်ထဲ မတ်လ ပထမပတ်မှစတင်ပြီး စစ်ကား ၅၀ နီးပါးပါသည့် စစ် ကောင်စီ ယာဉ်တန်းသည် အင်းတော်-ဗန်းမောက်ဘက် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
မတ်လ ၁၅ ရက်နေ့က အဆိုပါ စစစ်ကောင်စီ ယာဉ်တန်းသည် အင်းတော်-ဗန်းမောက်လမ်းပေါ်ရှိ သက္ကယ် ကျင်းကျေးရွာထဲ ရောက်လာပြီး လမ်းတစ်လျှောက် နယ်မြေရှင်းလင်းရေးဟုဆိုကာ ပစ်ခတ်ခဲ့သည့်အပြင် ဂျက် ဖိုက်တာနှင့် ဗုံးကြဲပစ်ခတ်ခြင်း၊ ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သေးသည်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းက ဗန်းမောက်၊ အင်းတော်၊ ကော လင်းနှင့် ပင်လည်ဘူး မြို့နယ်များထဲသို့ မတ်လဆန်းမှ စတင်ပြီး အင်အားသုံး စစ်ကြောင်းထိုးဝင်ရောက်လာ နေ သည်ဟု ဒေသခံများက ပြောသည်။
စစ်ကား အစီးရေ ၅၀ နီးပါးပါသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၁၀ ရက်နေ့က စတင်ပြီး မန္တလေးတိုင်း မတ္တရာမြို့နယ်မှ ထွက်ခွာလာပြီးနောက် ထီးချိုင့်-ကသာ-အင်းတော်-ဗန်းမော် လမ်းအတိုင်း တက် လာခဲ့ခြင်းဖြစ်ပြီး လမ်းတလျှောက်ရှိ ကျေးရွာများကိုလည်း မီးရှို့ခြင်း၊ မွှေနှောက်ရှာဖွေခြင်းနှင့် အဖိုးတန်ပစ္စည်း များကို ယူဆောင်သွားခြင်းများ ကျူးလွန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။