အိန္ဒိယ နိုင်ငံသားတွေကို CNF က သတ်လိုက်တယ်ဆိုတဲ့ သတင်းမှားဖြန့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်။
အိန္ဒိယနိုင်ငံသား ၃ ယောက်ကို ချင်းအမျိုးသားတပ်ဦး CNF က လက်နက်ဝယ်ဖို့ကိစ္စ ငွေကြေးအရှုတ်အရှင်းနဲ့ သတ်လိုက်တယ် ဆိုတဲ့ သတင်းအမှား တစ်ခုကို Ko Thet ဆိုတဲ့ တယ်လီဂရမ်ချယ်နယ်က မတ်လ ၂၆ ရက်နေ့မှာ တင်ထားပါတယ်။
Ko Thet က “အိန္ဒိယနိုင်ငံသား ၃ ဦးအား CNF သတ်ဖြတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီအထဲမှာ ဆိုရင် “၊အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှီဟာဒေသမှာ နေထိုင်တဲ့(၁) Biaksuii(၂) B.Lathafamkima (၃) Babloo အမျိုး သမီး ၁ ဦးအပါအဝင် အိန္ဒိယနိုင်ငံသား ၃ ဦးတိုဟာ မတ် ၁၉ ရက်နေ့ကတည်းက ပျောက်ဆုံး သွားခဲ့ပြီး ရုပ် အလောင်းများကို မတ် ၂၃ ရက်နေ့ မြန်မာဘက်ခြမ်းက တောထဲမှာ ပြန်တွေ့ခဲ့ပါ တယ်။ အဆိုပါ သူများဟာ Chin National Front (CNF) အဖွဲထံမှ ငွေကြေးရယူပြီး လက်နက်များဝယ်ယူရန် ပျက်ကွက်မှု ကြောင့် CNF အဖွဲ့က သတ်ပစ်လိုက်တာလို မီဇိုရမ်ရဲတပ်ဖွဲ့က ဆိုပါတယ်” ဆိုပြီး ရေးသားထားပါတယ်။
ဒါ့အပြင် ဓာတ်ပုံ ၃ ပုံနဲ့ အတူ စာကို ရေးတင်ထားဖြစ်ပြီး ဓာတ်ပုံထဲမှာဆိုရင်လည်း “မီဇိုရမ် ရဲတစ်ဖွဲ့ ၏ ဖမ်း ဆီးခြင်းခံရသော CNF အဖွဲ့များ” ဆိုပြီး ရေးသားထားပါသေးတယ်။
KO Thet ဆိုသူ ရေးတင်ထားတဲ့ သတင်းကို ရဲဝံ့စွန့်စား ပြည်ချစ်သား ဆိုတဲ့ pct.com.mm မှာလည်း တင်ထားပါ တယ်။
အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနိုင်ငံသား ၃ ဦး အိန္ဒိယ – မြန်မာ နယ်စပ်မှာ အသတ်ခံရတာ မှန်ပေမယ့် သတ်သွားတဲ့သူတွေဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးပဲ CNF လို့ စွပ်စွဲရေးသားထားလို့ပဲ ဖြစ်ပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်မှာဆိုရင် CNF တပ်ဖွဲ့အပြင် တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီတပ် တွေလည်း သွားလာလှုပ်ရှားနေတာပါ။
ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံက သတင်းဌာနတွေရဲ့ ရေးသားမှုတွေ ထဲမှာဆိုရင် CNF တပ်ဖွဲ့ က သတ်တယ် လို့ ပြောဆို ရေးသားထားတာ မတွေ့ရပါဘူး။
အိန္ဒိယ သတင်းဌာနတွေက ရေးသားထားတဲ့ သတင်းတွေကို ဒီမှာ India TodayNE ၊ News18 ၊ Nagalandtribune ၊ The Print ၊ Press Trust Of India တွေ့နိုင်ပါတယ်။
ပြီးတော့ Ko Thet ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ အခုဖြစ်နေတဲ့ ဓာတ်ပုံတွေ မဟုတ်ပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခု နှစ်က ဖောက်ခွဲရေး ပစ္စည်းတွေ သယ်လာတဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့ CNF တပ်ဖွဲ့ဝင်တွေကို အိန္ဒိရဲတပ်ဖွဲ့က ဖမ်း ဆီးထားတာ ဖြစ်ပြီး အဲဒီ ဓာတ်ပုံတွေကို အခုဖြစ်နေသယောင် ရေးသားဖော်ပြထားပါတယ်။
ဓာတ်ပုံအဟောင်းဖြစ်တယ်ဆိုတာကို ဒီမှာ တွေ့နိုင်ပါတယ်။
ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ Ko Thet ဆိုသူရဲ့ ရေးသားမှုဟာ ချင်းအမျိုးသား တပ်ဦး CNF ကို ဂုဏ်သိက္ခာ ကျဆင်းအောင် လိမ်ညာဝါဖြန့် ရေးသားထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်ပါ တယ်။
လက်ရှိကာလမှာ ဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။