မောတောင်လမ်းရှိ ဗျူဟာကုန်းကို PDF ဝင်တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်။

ထိုင်းနယ်စပ်လမ်းကြောင်းဖြစ်သည့် မောတောင်လမ်းပိုင်းရှိ အချက်အချာ နေရာတစ်ခုဖြစ်သည့် ရေဖြူကျေးရွာအနီးက စစ်ကောင်စီ ဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုကို စနေနေ့ နံနက်ပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၂က စာအမှတ် ၃/၂၀၂၃ဖြင့် ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် PDF ပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာရာ လမ်းကြောင်းကိုလည်း ကားကြီးများပေါ် တပ်ဆင်ထားသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး သိန်ခွန်းကျေးရွာနှင့် ရေဖြူကျေးရွာအကြား PSI ကုမ္ပဏီပိုင် ဆီအုန်းတော အစပ်တွင် ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု မြိတ်ခရိုင်တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ရှိသူက ပြော သည်။

“နှစ်ဘက် ထိခိုက်ကျဆုံးမှု အခြေအနေကတော့ ပြောလို့မရသေးဘူး၊ စာရင်းအတိအကျ သိရတာနဲ့ ပြည်သူ သိအောင် ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။

သတင်းထုတ်ပြန်ချက် အတွင်း ဗျူဟာကုန်းစခန်း အနီးဝန်းကျင်တွင် နေထိုင်သူများ အမြန်ဆုံးထွက်ခွာကြရန် လည်း သတိပေး ရေးသားထားသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ခရီးသွားလာနေသည့် ပြည်သူများရှိနေခြင်း ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု လည်း ဆိုသည်။

စစ်ကောင်စီဘက်က စစ်ကားကြီး ၂စီး နှင့် အံစာတုံးကား ၂စီးဖြင့် ဗျူဟာကုန်းသို့ စစ်ကူ အင်အား ၁၅၀ ခန့် ထပ် မံရောက်ရှိလာခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ညနေပိုင်းတွင် တမွတ်ချုံးရွာနှင့် ကမ္ပလိုင်းကျေးရွာတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တနေ့တည်း တိုက်ပွဲ ၄နေရာရှိခဲ့ကာ ဧပြီ ၂ရက်နေ့နံနက်ပိုင်းတွင်လည်း သေနတ်သံနှင့်လက်နက်ကြီးပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံများက ဆိုသည်။

ယခုရက်ပိုင်းအတွင်း နှစ်ဘက်ကြား စစ်ရေးတင်းမာနေသည့် ထုံခါ – မောတောင် လမ်းပိုင်းတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်၍ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့ အစည်းများက ပြန်လည်ခွင့်ပြုမှသာ သွားလာကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံ အသိပေး ထားသည်။

တနင်္သာရီမြို့နယ် အတွင်းရှိ ထုံခါ – မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား နှစ်လကျော်အကြာ စစ်ရေးတင်းမာနေပြီး နေ့စဉ်နီးပါးတိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် မတ်လကုန်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တနင်္သာရီ နှင့် ပုလောမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာနေပြီး နှစ်ဘက်ကြား စစ်ရေးတင်းမာ မှုများ ရှိနေခဲ့ရာမှ ချောင်းနှစ်ပေါက်ကျေးရွာအနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ချောင်းနှစ်ပေါက်၊ သိန်ခွန်းနှင့် အင်းတော်ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ သည်။