ရှမ်းမြောက် ကျေးရွာဈေးမှ မီးလောင်၊ အိမ်ခြေ ၄၀ ကျော်ပြာကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအကျော်ရှိ ကျေးရွာတစ်ရွာအတွင်း အိမ်ခြေပေါင်း ၄၀ ကျော် မီးလောင်ပြာကျခဲ့သောကြောင့် လူဦးရေ ၁၀၀ ကျော် မီးဘေးသင့်ခဲ့ရပြီး အကူအညီများ လိုအပ်နေသည် ဟု ဒေသခံများက ပြောသည်။

နမ့်ဖတ်ကာအကျော်ရှိ မန်နိမ်ကျေးရွာအုပ်စု၊ မိုင်းလွမ်းကျေးရွာ ၁၂ မိုင်ဈေးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ပေါင်း ၄၂ အိမ် မီးလောင်ပြာကျခဲ့ပြီး လူဦးရေ ၁၀၀ ကျော် မီးဘေးသင့်ခဲ့ရခြင်း ဖြစ်သည်။

မိုင်းလွမ်းရွာ ၁၂ မိုင်စျေးမှ ရွာခံတစ်ဦးက “အဲ့မှာက ငါးရက် တစ်စျေးရှိတယ်လေ။ ပြန်သွားပြီးရင် သူများအိမ် ကြားမှာ အမှိုက်တွေ လျှောက်ပစ်ထားတာ။ အဲ့ဒါ မီးစလောင်တဲ့နေရာကလည်း အဲ့အိမ်က လူလည်းမရှိဘူး။ သူတို့က အဲ့မှာမနေတော့ သော့တွေခက်ထားတယ်။ မီးက သူတို့အိမ်ကြားကနေ စလောင်တာ” ဟု ပြောသည်။

ဧပြီလ ၇ ရက်နေ့၊ ည ၁၀ နာရီအချိန်တွင် အမှိုက်မှ စတင်ပြီး မီးလောင်ခဲ့ခြင်းဖြစ်ပြီး အနီးအနားရှိ အခြားသော နေအိမ်များကို မီးကူးစက်သွားခဲ့ခြင်း ဖြစ်သည်။

မီးစတင် လောင်ကျွမ်းသည့် နေရာမှ လူမနေသောကြောင့် နေအိမ်အပေါ်ထပ်တွင် မီးလောင်မှာ ရွာခံများ သိရှိပြီး မီးငြိမ်းသတ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့်လည်း မီးသတ်ကားများ က အချိန်မှီ မရောက်လာနိုင်ခဲ့ဘူးဟု ဆိုကြသည်။

ထို့ကြောင့် မီးများ အနီးအနားရှိ နေအိမ်များကို ဆက်တိုက်ကူးစက်ကုန်ကာ အိမ်ပေါင်း ၄၂ လုံး မီးလောင်ပြာကျ ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် နေအိမ်များ မီးလောင်ပြာကျ ဆုံးရှုံးသွားကြသည့် ရွာသား ၁၀၀ ကျော်မှာ စာသင်ကျောင်းတွင် သွား ရောက် နေထိုင်နေကြရပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ လိုအပ်နေသည်ဟု ဆိုကြသည်။

ရွာသားတစ်ဦးက “မီးသတ်ကားတွေ ရောက်လာချိန် အိမ်တွေက အကုန်ပြာကျပြီ။ အခုက သူတို့ခိုလှုံတဲ့ စာသင် ကျောင်းမှာလည်း တစ်ခြမ်းက မီးလောင်တယ်။ တစ်ခြမ်းကတော့ ကျန်ထားတယ်။ စောင်တွေ အိပ်ယာ ခင်း မိုး ကာတွေတော့ လိုအပ်တယ်။ အစားအသောက်ကတော့ မြို့နယ်မှူးတွေ လာရောက်ကူညီပေးတာ ရှိတယ်။ ဆန် တွေ လာပေးတာပေါ့” ဟု ပြောသည်။

မီးလောင်သွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရန် အတွက် ကွတ်ခိုင်မြို့နယ်မှူးက လာရောက် ကြည့် ရှုသွားသော်လည်း ယနေ့အချိန်ထိ ကျေးရွာရှိ စာသင်ကျောင်းတွင်သာ နေနေကြဆဲ ဖြစ်သည် ဟု ဆိုကြသည်။

ပြီးခဲ့သည့် မတ်လတွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့နယ်အတွင်း မီးလောင်မှု ၂ ကြိမ်၊ နမ္မတူတွင် ၁ ကြိမ်၊ ကျောက်မဲတွင် ၁ ကြိမ်၊ ကွတ်ခိုင်တွင် ၁ ကြိမ်နှင့် နမ့်ဖတ်ကာတွင် ၁ ကြိမ် စုစုပေါင်း မီးလောင်မှု ၆ ကြိမ် ဖြစ်ပွားခဲ့သည်။