မွန်ပြည်နယ် အခြေစိုက် တပ်မ ၄၄ ဌာနချုပ်ကို လက်နက်ကြီးဖြင့် ပစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့ က လက်နက်ကြီးများဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တပ်မ ၄၄ ဌာနချုပ်ကို ဧပြီလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ KNU/KNLA ပူးပေါင်းအဖွဲ့၊ ဘီးလင်း(ပကဖ)နှင့် ကျိုက်ထို(ပကဖ) စသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကျိုက်ထိုတော်လှန်ရေးအင်အားစုဘက်က “တပ်မ ၄၄ ဌာနချုပ်ဝန်းအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ထိခိုက် ပျက်ဆီးဆုံးရှုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ” ဟု ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တပ်မ ၄၄ ဌာနချုပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “တပ်မ ၄၄ ဌာနချုပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုရှိခဲ့တယ်။ အဲ့ လက်နက်ကြီးတွေက ငှက်ပျော်တော ကျေးရွာဘက်မှာ ကျကွဲတယ်လို့သိရတယ်။ အသေးစိတ်တော့ မသိသေး ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်ကလည်း စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်လည်း ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသေးသည်။
ထိုတိုက်ခိုက်ခံရစဥ်ကလည်း စစ်ကောင်စီတပ်များက ပြည်သူများနေထိုင်ကြသည့် ကျေးရွာများဘက်ကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းရာ ကျေးရွာပေါင်း ၈ ရွာထက်မနည်းက ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
အလားတူ ဧပြီလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်ကလည်း ဘီးလင်းမြို့နယ် မဲလံ BGF စခန်းကို KRF၊ KNU/KNLA ပူးပေါင်းအဖွဲ့နှင့် ဘီးလင်း(ပကဖ) ပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ထိုတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိ ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု အချို့ လည်း ရှိသည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစုဘက်က ထုတ်ပြန်ထားသည်။
ကျိုက်ထို တော်လှန်ရေးအင်အားစုက စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ထောက်တိုင်များအား ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။