ပဇီကြီး ဒေသခံများ အရေးပေါ် အကူအညီများ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက ဒေသ ခံပြည်သူများ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ထိခိုက်မှုများ ရှိနေပြီး အခြားသော အရေးပေါ် အကူအညီများ လိုအပ်နေ သည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသးများက ပြောသည်။
ပဇီကြီးရွာသားများသည် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ထိခိုက်ပြီး အရေးပေါ် အကူအညီများလည်း လိုအပ်နေသည် ဟု မြေပြင်တွင် ရှိနေသည့် အရေး ပေါ်တုန့်ပြန်ရေးနှင့် ကူညီကယ်ဆယ်ရေး ကော်မတီ (ယာယီ)မှ ဆက်သွယ် ရေးနှင့် ပြန်ကြားရေး တာဝန်ခံ ဦးမင်းသစ်က ပြောသည်။
“လတ်တလော စစ်ဘေးရှောင်ရတဲ့ အခြေအနေတွေကတော့ ကျနော်တို့ အိမ်တွေပေါ်လည်း မနေရဲဘူး။ တော ထဲမှာပဲ သစ်ပင်အောက်တွေမှာပဲ နေနေကြတယ်။ ကျနော်တို့ ကူညီကယ်ဆယ်ရေး သွားရတာ တွေ့ဖို့ကို တော် တော်လေးကို ကြောက်ရွံ့နေကြတယ်။ ထိတ်လန့်နေကြတယ်။ တချို့ဆိုရင် ကိုယ့်ကိုကိုယ်သတ်သေချင် လောက်တဲ့ အထိ ပြောလာတာတွေရှိတယ်။ နောက်တစ်ခါ သတင်းပေးကြောင့်ဆိုတဲ့ဟာလည်း သူတို့စိတ်ထဲမှာ ရှိနေတဲ့ ပုံစံ မျိုး ရှိတယ်။ အခုက တော်တော်လေးကို ထိတ်လန့်တုန်လှုပ်နေတဲ့ ရွာသားတွေ ရှိပါတယ်။”
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး တစ်ကျော်လာသည့် အချိန်ထိ ရွာသားများ ကျေးရွာထဲကို ပြန်မနေရဲသေးကြဘဲ တောတောင်များထဲ နေထိုင်နေကြသည်ဟု ကူညီကယ်ဆယ်ရေး လုပ်နေသူ များက ပြောသည်။
ပဇီကြီးကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် ပြည်သူ ၄၀၀ ခန့်က တောတောင်များထဲ နေနေကြပြီး အချို့ကလေးများမှာ ဆိုင်ကယ်သံကြားသည်ကိုပင် ကြောက်ရွံ့နေကြသည်ဟု ဦးမင်းသစ်ကဆက် ပြောသည်။
“စစ်ဘေးရှောင်တဲ့ ဦးရေ ၄၀၀ လောက်ရှိတယ်။ ဘေးနာက တချို့ရွာတွေကလည်း မနေရဲတော့ဘူး။ ရွာပျက် ပုံစံ မျိုးကို ဖြစ်နေပြီ။ တော်တော်ကြီး ဒုက္ခရောက်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဆိုင်ကယ်သံကြားရင်ကို လေယာဉ်သံထင်ပြီးတော့ ပြေးဝပ်နေတဲ့ ကလေးတွေရှိတယ်။ ပြေးပုန်းနေတဲ့ ကလေးတွေရှိတယ်။ စိတ်ဒဏ် ရာ တော်တော်ရနေကြပါတယ်။”
ဧပြီလ ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲကို တက်ရောက် ရန် ပြည်သူ ၈ဝဝ ခန့် စုဝေးရောက်ရှိနေချိန် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပဇီကြီးကျေးရွာက စစ်ရှောင်ပြည်သူများသည် လက်ရှိတွင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းမှာပါ ထိခိုက်ဒဏ်ရာ ရကုန် သည့် အပြင် အစားအသောက်နှင့် ဆေးဝါးများလည်း အရေးပေါ် အကူအညီလိုအပ်နေသည်ဟု ကူညီပေးနေသူ များက ပြောသည်။
ဦးမင်းသစ်က “သူတို့ရဲ့ အဓိကလိုအပ်ချက်ကတော့ သောက်သုံးရေရှိမယ်။ တဲတွေ၊ စားနပ်ရိက္ခာတွေ ဆေးဝါး တွေလိုမယ်ပေါ့နော်။ အပြင်မှာ ရှောင်နေတဲ့ဟာတွေလည်းရှိတယ်။ စစ်ဘေးရှောင်ဦးရေကတော့ ၄၀၀ ကျော် ပေါ့နော်၊ ကနဦး ကောက်ယူထားတဲ့ စာရင်းတွေအရပေါ့နော်။ ကျနော်တို့ အဲ့ဒီနေရာမှာ စစ်ပွဲလည်း မရှိဘူး။ စစ်ကြောင်းလည်း မရှိဘူး။ ဒါကတော့ အရပ်သားကို သက်သက်တိုက်ခိုက်တဲ့ဟာ ဖြစ်ပါတယ်ဗျ” ဟု ပြော သည်။
စိတ်ပိုင်းနှင့် ရုပ်ပိုင်း ထိခိုက်သွားသည့် ပြည်သူများအတွက် နိုင်ငံတော်အဆင့်အနေဖြင့် သတ်မှတ်ကာ ဘတ် ဂျက်များချပေးပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုများကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနေ သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“အထူးသဖြင့်တော့ ဒီစိတ်ဒဏ်ရာပေါ့နော် တစ်မိသားစုလုံးမှာ တစ်ယောက်ပဲ ကျန်နေတော့တဲ့ အနေအထား မျိုး တွေမှာ မိမိကိုယ်ကို သတ်သေချင်တဲ့ အနေအထားမျိုးတွေ နောက်ပြီးတော့ ဘယ်လိုမှ နောက်တခါလာပစ် လို့ကတော့ လမ်းပေါ်ထွက်ပြီး အပစ်ခံလိုက်တော့မှာပဲ ဆိုတဲ့ မနေချင်တော့ဘူးဆိုတဲ့ တော်တော်လေးကို ကြီး မားတဲ့ စိတ်ဒဏ်ရာတွေ ရရှိနေတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် ဒါတွေကိုလည်းပဲ နှစ်သိမ့်ဆွေးနွေးတဲ့ အစီအစဉ်တွေ ဒါတွေကို ဆက်လုပ်နေပါတယ်။”
ပဇီကြီးကျေးရွာ လေယာဉ်မှ တိုက်ခိုက်ခံမှုကြောင့် လူပေါင်း ၁၆၈ ဦးသေဆုံးခဲ့ရပြီး၊ သေဆုံးသူများထဲ အသက် ၁၈ နှစ်အောက် ကလေး အယောက် ၄ဝ အထိပါသည်ဟု အမျိုးသားညီညွတ်ရေး NUG က သေဆုံးသူများ စာရင်းကို အမည်များနှင့်တကွ ထုတ်ပြန်ထားသည်။
ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသည့် အလောင်းများကိုကောက်ပြီး မီးသင်္ဂြိုလ်မှုများ လုပ်နေချိန်တွင်လည်း စစ် တပ်က လေကြောင်းမှ ထပ်မံ လာရောက်ဗုံးကြဲခဲ့သောကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ထပ်ရှိခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။