နမ့်ဖတ်ကာ ပစ်ခတ်မှု အမျိုးသား တစ်ဦး သေ၊ ကလေးတစ်ဦး ဒဏ်ရာရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးမှာ ခြေထောက်တွင် ကျည်ထိမှန်သွားသည်ဟု ဒေသခံများက ပြော သည်။
အမည်မသိ သေနတ်သမား၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု အလောင်းကို သွားရောက် သယ်ဆောင်ပေးခဲ့သည့် နမ့်ဖတ်ကာ မေတ္တာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူများက ပြောသည်။
နမ့်ဖတ်ကာ မေတ္တာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက “သူက စျေးဝယ်ဖို့ အိမ်ကနေ ထွက်လာ ချိန်မှာ လူနှစ်ယောက်က ပါလာတဲ့ သေနတ်နဲ့ ပစ်လိုက်တာ ပြောတယ်။ သူ့ရဲ့နေအိမ်ရှေ့မှာပဲ ပစ်ခံရတာ။ ကလေးလေး က သူ့ဘေးမှာ ဆော့ကစားနေတော့ သူ့ခြေထောက် တစ်ချက်ထိသွားတယ်” ဟု ပြောသည်။
နမ့်ဖတ်ကာ ရပ်ကွက် (၂) တွင်နေသည့် ဦးအိုက်ဖေ အသက် ၅၂ နှစ် ရှိသူသည် ဧပြီလ ၁၉ ရက်နေ့၊ ညနေပိုင်းအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
သေဆုံးသူ ဦးအိုက်ဖေသည် ခန္ဓာကိုယ် တစ်ခုလုံးတွင် သေနတ်ဒဏ်ရာ ၉ ချက် ခန့် ပစ်ခတ်ခံရလိုက်ရခြင်း ဖြစ် ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ် အမျိုးသမီးမှာမူ ညာဘက်ခြေဖမိုးတွင် ပစ်ခံရခြင်း ဖြစ်သည်။
“အဲ့ အမျိုးသားကို ကပ်ပြီး ပစ်သွားတဲ့ ပုံစံမျိုးဆိုတော့ ကွတ်ခိုင်ဆေးရုံမှာ စစ်ဆေးဖို့ သွားရောက်ပို့ပေးခဲ့တယ်။ ဒဏ်ရာရထားတဲ့ ကလေးငယ်ကိုတော့ လားရှိုးဆေးရုံမှာ ပို့ထားတယ်။ ခြေထောက်မှာ အရိုးထိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
နမ့်ဖတ်ကာဒေသအတွင်း ယခုကဲ့သို့ ရပ်ကွက်အတွင်းရှိ နေအိမ်ထဲ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုမျိုးမှာ ပထမဆုံးဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ နေထိုင်ကြပြီး တအာင်း တပ် မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့တို့ လှုပ်ရှားသွားလာနေသည့် နေရာဖြစ်သည်။
ထို့ကြောင့် နမ့်ဖတ်ကာ အနီးဝန်းကျင်တွင် တိုက်ပွဲများ၊ ပစ်ခတ်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်သည်များ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ရပ်ကွက်ထဲတွင် အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုမှာ ပထမဆုံး အကြိမ်ဖြစ်သည်။