လွတ်လာသော နိုင်ကျဉ်း ၄၈ ဦးမှာ လွတ်ရက်နီးများ ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်။

မြိတ်မြို့နှင့် ထားဝယ်မြို့အကျဥ်းထောင်များမှ လွတ်လာသည့် နိုင်ငံရေးအကျဥ်းသား ၄၈ ဦးမှာ လွတ်ရက်နီး နေသည့်သူများ ဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးနေသူများနှင့် လွတ်မြောက်လာသူ အချို့က ပြောသည်။

မြိတ်အကျဥ်းထောင်မှ လွတ်မြောက်လာသူများအထဲတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကဖြင့် အကျဥ်းကျခံနေရသည့် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၆ ဦး၊ ထားဝယ်အကျဥ်းထောင်မှ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၂ဦး၊ စုစုပေါင်း ၄၈ ဦးတို့ လွတ်မြောက်ခဲ့သည်ဟု အကျဉ်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ထားဝယ်အကျဥ်းထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဥ်းသား အမျိုးသားတစ်ဦးက “အခုလွတ်ပေး လိုက်တာက ပုဒ်မ ၅၀၅-က တမျိုးထဲပဲ၊ ဒီပုဒ်မနဲ့ အများကြီး ကျန်သေးတယ်။ ပြောရရင် ထောင် ဒဏ် ၂ နှစ်၊ ၁နှစ်ခွဲ အမိန့်ချမှတ်ခံထားရတဲ့ လွတ်နီးတွေကို ရွေးလွှတ်တာ။ တခြားပုဒ်မနဲ့ တွဲနေတဲ့သူတွေ ကတော့ မပါဘူး” ဟု ပြောသည်။

စစ်ကောင်စီက လွတ်ရက်နီးနေသည့် နိုင်ငံရေးအကျဉ်းသားများကိုသာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့ ခြင်းဖြစ်ပြီး အခြားသော နိုင်ငံရေးပုဒ်မများနှင့် တရားစွဲ ထောင်ချခံနေရသူ အများအပြားကျန်နေသေးသည်ဟု ၎င်းကပြောသည်။

လွတ်မြောက်လာသူများကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တကြိမ်ထပ်မံကျူးလွန်ပါကလည်း အဆိုပါ ပြစ်ဒဏ် အပြင် လက်ရှိကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ကျခံရမည်ဆိုသည့် ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းမှာ အကျဥ်းထောင် ၃ ခုရှိပြီး ကော့သောင်းအကျဥ်းထောင်မှ လွှတ်ပေးသည့် နိုင်ငံ
ရေးအကျဥ်းသား အရေအတွက် စာရင်းကိုမူ အတိအကျမသိရှိရဘူးဟု အကျဥ်းဦးစီးတာဝန်ရှိသူက ဆိုသည်။

မေလ ၃ ရက်နေ့ (ကဆုန်လပြည့်နေ့) တွင် ပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းချခံထားရသူ ၂၁၅၃ ဦးကို ပြန်လွှတ် ပေးမည်ဟု စစ်ကောင်စီက ကြေငြာထားပြီးနောက် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွတ်ခဲ့ခြင်းဖြစ်သည်။

စည်းကမ်းသတ်မှတ်ချက်နှင့် ခံဝန်လက်မှတ်ထိုးပေးခဲ့ရခြင်းကလည်း ထောင်အပြင်ကို ချောချောမွေ့မွေ့ ရောက် ဖို့နှင့် ကိုယ့်ယုံကြည်ချက် ရည်မှန်းချက်များ လုပ်ကိုင်နိုင်ဖို့ဖြစ်သည်ဟု လွတ်မြောက်လာသူ တစ်ဦးက ပြော သည်။

စစ်ကောင်စီက ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်) နေ့ကလည်း အကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာ
ခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသည့်အတွက် ပြည်သူများကဝေဖန်
မှုများလည်း ရှိခဲ့သည်။

နိုင်ငံတကာ ဖိအားများကြောင့် စစ်ကောင်စီက အခါကြီးရက်ကြီးနေ့များတွင် အကျဉ်းသားများကို မကြာခဏ လွှတ်ပေးလေ့ရှိခဲ့သော်လည်း နိုင်ငံရေးပုဒ်မ တစ်ခုဖြစ်သည့် ပုဒ်မ ၅၀၅-က ဖြင့် ထောင်အကျဥ်းချခံထားသူ များ ကို ယခုကဲ့သို့ လူထောင်နှင့်ချီပြီး ပြန်လွှတ်ပေးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။