လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး အပါ ၄ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး အပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းမှ လူနေကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ဘာတိုက်ပွဲမှလည်း ဖြစ်ပွားတာမရှိဘူး၊ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အိမ်ပေါ် ကျသွားတာ တစ်မိသားစုလုံး ထိသွားတယ်။ ဒီလိုမျိုး စစ်တပ်က ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်နေတာ လူတွေ ထိ ဒဏ်ရာရတာတွေလည်း ရှိတယ်” ဟု ပြောသည်။
မေလ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သည် ဝါးဒတ်ကွင်းကျေးရွာရှိ ဦးရာဇထွန်းဆိုသူ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ထို့သို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် မောင်ရှိုင်းလင်းသူ၊ အသက် ၁၁ နှစ်အရွယ် မဇင်မင်းသူ၊ အသက် ၃၂ နှစ်အရွယ် ဦးရာဇထွန်းနှင့် အသက် ၃၁ နှစ်အရွယ် ဒေါ်အိတို့ မိသားစုဝင် ၄ ဦး ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများ အနက် ၃ ဦးသည် ဒဏ်ရာပြင်းထန်နေပြီး လက်ရှိတွင် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားရပြီး ဆေးကုသမှုခံယူနေရသည်ဟု ကူညီပေးခဲ့သူ ရွာသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သိမ်ဇရပ် ကျောက်ပုံကြီးကွင်း အနီးတွင် ဘုန်းကြီးတစ်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။
သထုံခရိုင် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေပြီး အရပ်သားပြည်သူ ထိခိုက်မှု သေဆုံးမှုများလည်း ရှိခဲ့သည်။