ပူတာအိုရှိ မူလတန်းလွန်ကျောင်း မီးလောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်။
ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာတွင် တစ်ကျောင်းတည်း ရှိသော မူလတန်းလွန်ကျောင်း မီးလောင်သွားသည့် အတွက် ကျောင်းဖွင့်ချိန်အမှီ ကျောင်းဆောင် ပြန်လည်ဆောက်လုပ်နိုင်ရေး ဒေသခံများက လိုလားနေကြသည်။
တန်ဂျာကျေးရွာတွင်ရှိသည့် တစ်ကျောင်းတည်းသော အခြေခံမူလတန်းလွန် ကျောင်းဆောင် မီးလောင်ပြာကျ သွားခြင်း ဖြစ်သည်။
လုံရှာယန်အုပ်စုမှ ရွာသားတစ်ဦးက “ဒီနှစ်ကျောင်းတက်မယ့် အချိန်က ရောက်လာပြီဆိုတော့ ကျောင်းဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ ရွာသားတွေက အခက်အခဲကြုံနေရပြီပေါ့။ ကျောင်းမီးလောင်သွားတော့လေ။ ကျောင်းဆောင်သစ် တစ်ခု ရပြီဆိုပြီး ပျော်နေတဲ့အချိန် အခုလို နောက်ကျောင်းဆောင်တစ်ခု ပြန်မီးလောင်သွား တော့ ကျောင်းသားတွေအတွက် တော်တော်ကို နစ်နာသွားပါပြီ” ဟု ပြောသည်။
မေလ ၄ ရက်နေ့၊ နံနက် ၁ နာရီခွဲအချိန်ခန့်က ကျောင်းဆောင်မီးလောင်သွားခြင်းဖြစ်ရာ မည်သည့်အကြောင်း အရင်း မီးလောင်သွားသည်ကိုမူ မသိရသေးဘူးဟု ရွာသားများက ပြောသည်။
၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဖွင့်ချိန် နီးလာနေပြီ ဖြစ်ပြီး ကျောင်းဆောင် မီးလောင်ပြာကျ သွားခဲ့သောကြောင့် ကျောင်းသားများအတွက် စိုးရိမ်နေကြသည်။ ကျောင်းအချိန်မှီမဖွင့်နိုင်မှာကို စိုးရိမ်နေကြ ခြင်း ဖြစ်သည်။
တန်ဂျာ မူလတန်းလွန်ကျောင်းသည် ကျောင်းဆောင်နှစ်ခုသာ ရှိပြီး လက်ရှိမီးလောင်ပြာကျသွားသော ကျောင်း ဆောင်တွင် စာသင်ခန်း ၃ ခန်းနှင့် ရုံးခန်း တစ်ခန်းပါသွားသည်။ အဆိုပါ ကျောင်းဆောင်မှာ ဆယ်စုနှစ်တစ်ခု ကြာ ပြီ ဖြစ်သောကြောင့် ဧပြီလကမှ ခေါင်းမိုးသွပ်များ၊ အုတ်ခုံများနှင့် သစ်အခင်းများ ပြန်လည် မွမ်းမံပြုပြင်ထား ခြင်း ဖြစ်သည်။
“အခုလို ဖြစ်ပျက်သွားခဲ့တဲ့ ဒီအဖြစ်အပျက်ထဲမှာ ကျနော်တို့ အတွက်က အင်မတန်မှ နစ်နာသွားတာပေါ့။ ဒီကလေးတွေ အတွက်နဲ့ ဒီရွာရဲ့ အခြေအနေအရ အင်မတန်မှ အတိုင်းမသိကို စိတ်ညစ်ဖို့လည်း ကောင်းတယ်။ စိတ်ပျက်ဖို့လည်း ကောင်းတယ်။ ကလေးတွေကိုလည်း သနားတယ်။ ရွာသားတွေကိုလည်း သနားတယ်။ နောက်နှစ်အတွက် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အများကြီး ချထားတဲ့အပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အတွက် စိတ်ကို လုံး၀ မချမ်းသာနိုင်ဘူး” ဟု ရွာသားတစ်ဦး က ဆက်ပြောသည်။
၂၀၂၂ ခုနှစ်မှစတင်၍ ကျောင်းသားများလာသောကြောင့် ကျောင်းဆောင်သစ်ထပ်တိုးခြင်း၊ ကျောင်းဆောင် အဟောင်းအား ပြန်လည်ပြင်ဆင်ခြင်းများ လုပ်ပြီးနောက် ယခုကဲ့သို့ မီးလောင်သွားခြင်း ဖြစ်သည်။
သို့သော် ကျောင်းဆောင်ဟောင်း မီးလောင်ပြာကျသွားသောကြောင့် ကျောင်းသူ/သားများနှင့် ဆရာ/မများ အတွက် အဆောင်မလုံလောက်သော အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။
ထို့ကြောင်း ယခုပညာသင်နှစ် ၂၀၂၃-၂၄ ခုနှစ် အမှီ ကျောင်းဆောင်ပြန်လည် ဆောက်လုပ်နိုင်ရေး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများအပြင် အခြားသော အလှူရှင်များကလည်း ကူညီပေးစေချင်သည်ဟု ဆိုသည်။
ယခု မီးလောင်သွားသည့် မူလတန်းလွန်ကျောင်းတွင် နှစ်စဉ် ကျောင်းသားဦးရေ ၁၅၀ နီးပါး တက်ရောက် သင် ကြားနေသော ကျောင်းဖြစ်သည်။