စရဖ ရုံးအား ဝင်ရောက် စီးနင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ရုံးအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ သတင်းပေး တစ်ဦးကိုလည်း ပစ်သတ်နိုင်ခဲ့သည်ဟု ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ်( ၁ )တပ်ရင်း နှင့် Flying Star – ဘုတ် ပြင်း – ပကဖအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်(၃)စစ်ဒေသခွဲ၊ ပြည် သူ့ကာကွယ်ရေး တပ်မတော်၊ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်း မှထုတ်ပြန်ချက်အမှတ် ၅/၂၀၂၃ဖြင့် မေလ ၃ ရက်နေ့၊ ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။

ရဲစခန်းကုန်းအနီး နေထိုင်သူ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “PDFတွေ မြို့ထဲဝင်လာတာနဲ့ ရဲစခန်း ကုန်းက အင်အား ၃၀ လောက်ရှိတဲ့ ရဲတွေနဲ့ ပြည်သူ့စစ်တွေ မြို့ရဲ့ အနောက်ဘက်တောင်ကုန်းပေါ် တက်ပြေး သွားကြတာ တွေ့ရတယ်။ အရပ်သားတွေကတော့ အိမ်ထဲမှာပဲ ပုန်းနေကြရတာ” ဟု ပြောသည်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရဖ ရုံးကို မေလ ၂ ရက်နေ့၊ နံနက် ၀၆း၁၅ နာရီခန့်က ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်စဉ် စရဖရုံးအတွင်းရှိနေသည့် ပြည်သူ့စစ်အဖွဲ့နှင့် ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ သတင်းပေး ဦးကြွယ်သန်း အသက် ၅၃ နှစ်အား ပစ်ခတ်နိုင်ခဲ့သည်ဟု ထုတ်ပြန် ချက်ထဲတွင် ဖေါ်ပြထားသည်။

ဦးကြွယ်သန်းသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များအား သတင်းပေးလုပ်နေသည့်အပြင် လက်ရှိ ပျူ စောထီးများ မွေးထုတ်ပေးနေသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝန်ကြီး အောင်ကျော်ဦး ထံသို့ လည်း ဆက်သွယ်ကာ သတင်းပေးလုပ်နေကြောင်းကို အထောက်အထားများရရှိထားပြီး ဖြစ်သည်ဟု ဘုတ်ပြင်း မြို့နယ် – ပကဖ အဖွဲ့တာဝန်ရှိသူက ဆိုသည်။

PDF ပူးပေါင်းတပ်ဖွဲ့မှ စရဖရုံးအား တိုက်ခိုက်ပြီးသည့်နောက် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးဝင်း၏ နေအိမ်အား ဆက်လက် ဝင်ရောက် စီးနင်းရှာဖွေ ကြရာ ဦးဌေးဝင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဦးဌေးဝင်း နေအိမ်အတွင်းမှ ကိုးလုံးကျည် ခေါက်ချိုး သေနတ် ၁ လက်၊ ကိုးလုံးကျည် ၄ တောင့်၊ AK-47 ကျည် ၂၆ တောင့်၊ ကာဘိုင်ကျည် ၅ တောင့်၊ Network Two Way Radio လက်ကိုင်ဖုန်း ၁ လုံး၊ စစ်ယူနီဖောင်း ၁ စုံ၊ စစ် ကျောပိုးအိတ် ၁ လုံး၊ အီကွေးမန့် ၁ စုံ နှင့် စစ်ဖိနပ် ၁ရံ တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု ကော့ သောင်းခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။

မြို့ထဲရောက်နေသည့် PDF တပ်ဖွဲ့ကို လေညာကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များမှ ပြည်ကြီးမဏ္ဍိုင်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နံနက် ၈ နာရီ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည် ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သူ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စရဖရုံးအား ဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း၊ Flying Star – ဘုတ်ပြင်း – ပကဖ အဖွဲ့ တို့နှင့်သာ သက်ဆိုင်ပြီး မြို့/ရပ်ကွက်/ကျေးရွာနေ ပြည်သူ လူထုနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါကြောင်းကိုလည်း ထုတ်ပြန်ရေးသားထားသည်။

ပြည်ကြီးမဏ္ဍိုင်မြို့သည် အိမ်ခြေတစ်ထောင်နီးပါးရှိပြီး မဏ္ဍိုင်ရပ်ကွက်နှင့် လေညာရပ်ကွက် အရှေ့အနောက် စုစုပေါင်း သုံးရပ်ကွက်ရှိကာ ရဲစခန်း၊ ဆေးရုံ အပါအဝင် ဌာနဆိုင်ရာရုံးများမှာ မဏ္ဍိုင်ရပ်ကွက်တွင် ရှိသည်ဟု မြို့ခံများက ပြောသည်။