မိုင်းနင်း ရွာသား ဒဏ်ရာ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်။

စစ်ကောင်စီမှ တပ်စွဲထားသည့် ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာ၊ ဘုန်းကြီးကျောင်းအနီးတွင် ရွာသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။

မိုင်းနင်းမိသူမှာ တနင်္သာရီတိုင်း ပုလောမြို့နယ် နန်းတောင်ကျေးရွာသား ကိုသီဟ အသက် ၃၀ နှစ်ဆိုသူ ဖြစ်ပြီး မေလ ၃ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်က ဘဲစာကျွေးရန် သွားရောက်စဉ် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြိုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ဆိုသည်။

အသက် ၄၀ခန့်အရွယ် ရွာသားတစ်ဦးက “ရွာမှာက လက်ရှိနေထိုင်တဲ့သူတွေက စစ်တပ်နဲ့ နီးစပ်ပြီး အလျဉ်းသင့် သူတွေပဲရှိတာ။ ကျန်တဲ့သူတွေက စစ်ရှောင်စခန်းတွေနဲ့ ဆွေမျိုးတွေရှိတဲ့ ရွာတွေနဲ့ မြို့ပေါ်တွေမှာ ရှောင်တိမ်း နေကြရတာ” ဟု ပြောသည်။

ကိုသီဟသည် နန်းတောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အတွက် ရိက္ခာများ ကို သယ်ယူပို့ဆောင်ပေးနေရသူ တစ်ဦးလည်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကိုသီဟ၏ ခြေကျင်းဝတ်ပြတ်ထွက်သွားပြီး လက်ရှိတွင် ပုလောပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က နန်းတောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်ထားပြီး PDF တပ်များ အနားမက်နိုင်အောင် အနီးဝန်းကျင် ပတ်ချာလည်တွင်လည်း မိုင်းများ ထောင်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နန်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ရှိကာ အနီးဝန်းကျင်က ကျေးရွာများမှ ပြည်သူများ အား ရိက္ခာနှင့် စက်သုံးဆီသယ်ယူခွင့် အတင်းကြပ်ဆုံး ဂိတ်တစ်ဂိတ် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နန်းတောင်ကျေးရွာသည် ပုလောမြို့နယ်အတွင်း KNU ထိန်းချုပ်ထားရာ နယ်မြေနှင့်နီးကပ်စွာရှိပြီး စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။