ကင်းစောင့်နေသည့် တပ်ကြပ်ကြီး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်။
ဘိုကလေးမြို့ ပဒဲကောကျေးရွာအနီး အခြေစိုက်ထားသည့် ခလရ ၂၇ မှ ကင်းရုံအတွင်း စစ်ကောင်စီ လက် အောက်ခံ တပ်ကြပ်ကြီးတစ်ဦး သေနတ်ပစ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာ အုပ်စု၊ ပဒဲကောကျေးရွာ ချောင်းဘေးရှိကင်းရုံတွင် ကင်းစောင့်နေသည့် တပ်ကြပ်ကြီး အေးမြင့် ဆိုသူ သေနတ်ဖြင့် ပစ်ခံရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
“အဲဒီမှာ တပ်ကြပ်ကြီး တစ်ယောက်ထဲ ရှိနေချိန်မှာအပစ်ခံရတာ။ နေရာမှာတင် သေနေပြီ။ သူ့သေနတ်လည်း ပါသွားတယ်” ဟု ပြောသည်။
မေလ ၄ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်တွင် ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Arrawaddy Black Shark UG အဖွဲ့တို့ပူးပေါင်းပြီး ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်ထားသည်။
MA – 3 မောင်းပြန် (၁) လက်၊ ကျည် (၁၄) တောင့် နှင့် ဖုန်းတလုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက် အရ သိရသည်။
ပဒဲကောကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ကြပ်ကြီးအေးမြင့်နှင့် အဖွဲ့ဝင်များသည် ချောင်းအတွင်း သွားလာကြသည့် စက်လှေသမားများကို ငွေတောင်းခံခြင်း၊ လိုင်းကြေးမပေးပါက ရိုက်နှက်ခြင်း၊ ငွေအတိုးကြီး ပေးစားသူများနှင့် ပေါင်းကာဒေသခံများအပေါ် နည်းမျိုးစုံ ဒုက္ခပေး နှိပ်စက်ခြင်းများ ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အသက် ၃၅ နှစ်ခန့် ရွာသားတစ်ဦးက “တပ်ကြပ်ကြီး အပစ်ခံပြီး ရွာထဲကို စစ်သားတွေရောက်လာပြီး သောင်း ကြမ်းနေတယ်။ စက်လှေတွေကိုလည်း စစ်ဆေးတယ်။ ရှာတယ်။ မဟုတ်ပဲနဲ့ အဖမ်းခံရမှာ ရိုက်နှက်ခံရမှာ ကြောက်နေရတယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က ဧရာဝတီတိုင်းအတွင်း ဧရာလှိုင်း စစ်ဆင်ရေးကို စတင်သည့်အနေဖြင့် မြန် အောင်မြို့ရှိ ခလရ (၅၁) ဝန်းအတွင်းသို့ ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။
ဧပြီလ ၃၀ ရက်နေ့ကလည်း မော်လမြိုင်ကျွန်းမြို့၊ မြတ်သာရွာမ ရဲစခန်းကို လောင်ချာ ဗုံးသီးဖြင့် ပစ်ခတ်ခိုက်ခဲ့ ကြသည်။