အုပ်ချုပ်ရေးရုံး သုံးကြိမ်ဗုံးကွဲ။ မြို့နယ်ရဲမှူးနှင့် ရဲအုပ်တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်။

ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲအုပ်တစ်ဦးတို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ပထမကြိမ်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကို စစ်ကောင်စီ လက်အောက်ခံ ရဲများက လာရောက်စစ်ဆေးစဉ် ဗုံး ၂ လုံး ထပ်မံပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ပထမတစ်လုံးက ရုံးခန်းထဲမှာပေါက်တာ လူတွေဘာမှမဖြစ်ဘူး ရုံး တော့ ပျက်စီးတာတွေရှိတယ် နောက်ထပ် ၁၅ မိနစ်လောက်အကြာမှာ လမ်းမနားကခြံရိုးမှာ ထပ်ပေါက်တာ” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဦးဖိုးခလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးခန်းနှင့် ရုံးဝန်း အတွင်း ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မိုးနှင့် ရဲအုပ်ကိုကိုလင်းတို့ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပထမဗုံးပေါက်အပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများ လာရောက်စစ်ဆေးနေစဉ် ဒုတိယ ဗုံးတစ်လုံးပေါက်ကွဲခြင်း ဖြစ်ပြီး နောက်ထပ် မိနစ် ၃၀ ခန့်အကြာတွင် တတိယမြောက်ဗုံးပေါက်ကွဲပြီး မြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ဒဏ်ရသွားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကျုံပျော်မြို့ဆေးရုံနှင့်နီးစပ်သူတစ်ဦး က “၂ ယောက်လုံးထိထားတဲ့ ဒဏ်ရာတွေက တော်တော်ပြင်းထန်တယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်။ အခုက တော့ ဒီမှာပဲ အ‌ရေးပေါ်ကုသ ပေးနေတယ်” ဟု ပြောသည်။

မေလ ၇ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ပထမ ဗုံးပေါက်ကွဲခဲ့ပြီး ၄၅ မိနစ်အတွင်း နောက်ထပ် ၂ လုံး ပေါက်ကွဲခဲ့ရာ စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများက မြို့တွင်းလမ်းများနှင့် မြို့အဝင်အထွက် လမ်း များကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာများနှင့် ဆိုင်ကယ်များကို စစ်ဆေးနေသည်ဟု မြို့ခံတစ်ဦးကပြောသည်။

အသက် ၅၀ ကျော် ခန့် အမျိုးသားတစ်ဦးက “သူတို့လူ မြို့နယ်ရဲမှူးအဆင့်လောက်ကို ထိခိုက်ထားတော့ ပတ်ရမ်း ပြီး စိတ်မထင်ရင်မထင်သလို ဖမ်းမှာကြောက်နေရတယ်။ လူငယ်တွေ ပိုပြီးသတိထားရမယ်။ အသွားအလာ ဆင်ချင်သင့်တယ်။ အဖမ်းခံရရင် နှိပ်စက်တာခံရနိုင်တယ်။ ငွေလည်း သိန်းဆယ်ချီပြီး ကုန်နိုင်တယ်” ဟု ပြော သည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ဧရာဝတီတိုင်းအတွင်း ဧရာလှိုင်း စစ်ဆင်ရေးကို စတင်သည့်အနေဖြင့် မြန် အောင်မြို့ရှိ ခလရ (၅၁) အနီးဝန်းကျင် အတွင်းသို့ ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့ကလည်း မော်လမြိုင်ကျွန်းမြို့၊ မြတ်သာရွာမ ရဲစခန်းကို လောင်ချာဗုံးသီးဖြင့် ပစ်ခတ်ခိုက်ခဲ့ ကြသည်။

မေလ ၄ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်ကလည်း ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ဘိုကလေးမြို့ နယ် ပဒဲကောကျေးရွာတွင် ကင်းရုံအတွင်း ကင်းစောင့်နေသည့် တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်။