အမြောက်တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်။
စစ်ကောင်စီ အမြောက်တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားသည်ဟု ဒေသခံများက ပြောသည်။
ပစ်သတ်ခံရသူမှာ ထားဝယ်မြို့နယ် ဇဟာကျေးရွာ အခြေစိုက် အမှတ် (၃၀၂) အမြောက်တပ်မှ ဗိုလ်ကြီး မျိုးလင်း ဦး အသက် ၃၆ နှစ် ဆိုသူ ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ခေါင်းကို ထိပြီး မျက်နှာဘက်က ကျည်ဖေါက်ထွက်သွားတယ်လို့ သိရတယ်။ တပ်ရင်းအနားမှာ ဖြစ်တာဆိုတော့ ရွာသားတွေ သွားမကြည့်ရဲကြဘူး” ဟု ပြောသည်။
မေလ ၇ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က တပ်ရင်းဂိတ်အနီးရှိ ဖားအောက်တောရ အဝင်လမ်းတွင် ပစ် သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ပစ်သတ်ခံရသူမှာ ဖားအောက်တောရ အဝင်လမ်းမှာ စောင့်ဆိုင်းပြီး ခရီးသည်တင်ကားများနှင့် ထိုင်းနယ်စပ်သို့ အလုပ် လုပ်ကိုင်ရန်သွားလာမည့် သူများကို ငွေကြေးတောင်းခံတတ်သူ ဖြစ်သည်ဟု ဆိုသည်။
သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇဟာကျေးရွာအတွင်း လိုက်
လံ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီ၏ အမှတ် (၃၀၂) အမြောက်တပ်ရင်းသည် ထားဝယ်မြို့နှင့် ၆ မိုင်ခန့်သာ ကွာဝေးသည့် ဇဟာကျေး ရွာတွင် တည်ရှိသည်။
အဆိုပါ အမြောက်တပ်ရင်းသည် မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းများ တိုက်ခိုက်ခံရချိန်နှင့် ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားချိန်တို့တွင် လက်နက်ကြီးများဖြင့် အဓိကပစ်ကူပေးနေသည့် နေရာ လည်းဖြစ်သည်။