KNU ကွန်ဂရက် ထုတ်ပြန်ချက်များသည် ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို ဦးတည်နေဟု စစ်ကောင်စီဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်။

၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ဂရက်အပြီး ထုတ်ပြန်ချက်ပါ အချက်များသည် အပြု သဘောမဆောင်ပဲ NCA ပြဌာန်းချက်များကို ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို ဦးတည်နေသည် ဟု စစ်ကောင်စီက စွပ်စွဲချက် ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီက မေလ ၉ ရက်နေ့က ထိုသို့ ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KNU ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အပြီး မေလ ၅ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ကေအဲန်ယူ-ကရင်အမျိုး သား အစည်းအရုံးသည် မဟာလူမျိုးကြီးဝါနှင့် စစ်အာဏာရှင် စနစ်ဆန့် ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ် ဒီမိုကရေ စီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး အတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ လူထု တန်းစား အသီးသီးနှင့်အတူ လက်တွဲညီစွာ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုသည့် အချက်သည် NCA ပြဌာန်းချက်များကို ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို ဦးတည်နေသည် ဟု စစ်ကောင်စီက ပြောသည်။

KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်မယ့် လူတွေကတော့ အထူးသဖြင့် ကျနော်တို့ လိုမျိုး ဘဝတူ အဖိနှိပ်ခံ လူတန်းစားတွေ၊ အုပ်စုတွေ နောက်တိုင်းရင်းသား ညီအစ်ကို တွေ စစ်အာ ဏာရှင်ကို လက်မခံတဲ့ ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေ တော်လှန်ရေး အင်အားစုတွေ အားလုံးကို ကျနော်တို့ ဆိုလိုတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီ ကွန်ဂရက် ၁၇ ကြိမ်မြောက် ကွန်ဂရက် ပြီးတဲ့ နောက်မှာ ဒီလိုပဲ ဆက်သွားဖို့ ဒီလို အစုအဖွဲ့တွေနဲ့ ကျနော်တို့ စစ်အာဏာရှင်ကို ကျနော်တို့ ဆန့်ကျင်သွားဖို့ ဆိုတာကို ဖြေကြားစေလိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ကွန်ဂရက်မှ မဟာလူမျိုး ကြီးဝါဒနှင့် စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ် ထူထောင်ရေး၊ ကရင်အမျိုးသားများတို့၏ ရသင့်ရထိုက်သော အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးအတွက် ချမှတ်ထားသော အခြေခံလမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ရှေ့လုပ်ငန်းစဉ်များ အတိုင်း ကရင်တမျိုးသားလုံးနှင့် အတူတကွ ရပ်တည်လုပ်ဆောင်သွားကြရန် သံဓိဌာန်ပြုခဲ့ကြသည်ဆိုသည့် အချက်သည် လည်း ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို ဦးတည်နေသည့် အချက်ဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီက မည်သို့ဆိုစေကာမှု KNU အနေနှင့် ကွန်ဂရက်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်အတိုင်း လုပ် ဆောင်သွားမည်ဟု ပဒို စောကလယ်စေးက ဆက်ပြောသည်။

ပဒို စောကလယ်စေး က “တက်လာတဲ့ ခေါင်းဆောင်တွေရဲ့ အနေအထားအရသော်လည်းကောင်း ကျနော်တို့ရဲ့ လက် ရှိ ရှေ့လုပ်ငန်းစဉ်အရ သော်လည်းကောင်း၊ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိဖို့ အတွက်ကို တစ်စိုက်မတ်မတ် ကြိုးစား ဆောင်ရွက်သွားပါမယ်လို့၊ နောက်ပြီးလည်း ကြိုးစားဆောင်ရွက်တဲ့ နေရာမှာလည်း KNU ကွန်ဂရက်က ချမှတ် ထားတဲ့ လုပ်ငန်း လမ်းစဉ်တွေအတိုင်း လမ်းညွန်မှုတွေ အတိုင်းကို တသွေမတိမ်းနဲ့ ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကို ဦးတည်နေသော်လည်း NCA ပြဌာန်းချက်အတိုင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုကို လမ်းဖွင့်ထားဆဲဖြစ်သည်ဟု စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA အကောင်အထည် ဖော်မှု ဆိုင်ရာ လုပ်ငန်းများလည်း ရပ်တန့်သွားခဲ့ရသလို တိုက်ပွဲများလည်း ပိုမို ပြင်း ထန်စွာ ဖြစ်ပွားလာခဲ့သည်။

ပြင်းထန်လာသည့် တိုက်ပွဲများကို လျော့ချရန်နှင့် နိုင်ငံတကာ မျက်နှာစာတွင် ပြန်လည်အသိအမှတ်ပြု ခံရရေး အတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများကို စစ်ကောင်စီတပ်က လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ် သည်ဟု တော်လှန်ရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။